#local_news
Published_ 16 March 2022


ထန်တလန်မြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှ မြေဧရိယာ နှစ်သောင်းကျော်ကို အမျိုးသားဥယျာဉ်အဖြစ် မတ်လ ၁၀ ရက်မှ စတင်သတ်မှတ်ကြောင်း နစက၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားပါတယ်။

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်းရှိ မြေဧရိယာ ၁၂၃၄၁ ဒသမ ၈ ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် မီအေပီ၊ ရဟူတူ၊ လှိမ်ရောင်းမ် အမျိုးသားဥယျာဉ်အဖြစ်လည်းကောင်း၊ ထန်တလန်မြို့နယ်နှင့် ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဧရိယာ ၉၉၈၄ ဒသမ၂၈ ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရန်အတွက် ဇိန်မှုတောင်အမျိုးသားဥယျာဉ်အဖြစ်လည်းကောင်း သတ်မှတ် ကြေညာလိုက်တာဖြစ်ပါတယ်။

မီအေပီတောင်သည် ထင်ရှားသော ကျောက်တောင်ကြီးဖြစ်ပြီး ထန်တလန်မြို့မှ ၂၃ မိုင်ခန့်အကွာတွင် တည်ရှိ၍ ထန်တလန်−ဟရီဖီး−ဝေါင်သူး ကားလမ်းဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို ကားလမ်းပေါက်ပြီး ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာ အပန်းဖြေနိုင်သောနေရာဖြစ်ခြင်း၊ သစ်ပင်မျိုးစုံနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝခြင်း၊ ဘူမိရူပသွင်ပြင် ထူးခြားသောဒေသဖြစ်ခြင်းတို့ကြောင့် ကာကွယ် ထိန်းသိမ်းရန်ရည်ရွယ်၍ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဇိန်မှုတောင်ကိုမူ ကွန်သဲချောင်းမကြီးရဲ့ အဓိကရေဝေရေလဲဧရိယာ ဖြစ်ခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များနေထိုင်ကျက်စားသည့် ဧရိယာဖြစ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိရာဒေသဖြစ်ခြင်း၊ ဘူမိရူပသွင်ပြင်ထူးခြားမှုရှိခြင်း၊ စည်းကမ်းမဲ့တရားမဝင် အမဲလိုက်ခြင်းကို အချိန်မီထိန်းသိမ်း ကာကွယ်ရန်လိုအပ်ခြင်းတိုကြောင့် ကာကွယ် ထိန်းသိမ်းရန်ရည်ရွယ်၍ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ချင်းပြည်နယ်ရဲ့ အမှတ်အသားသင်္ကေတ အထင်ကရပြယုဂ်ဖြစ်သည့် ထင်းရှူး၊ တောင်ဇလပ်ဖြူ၊ တောင်ဇလပ်အနီ၊ သစ်ခွမျိုးများပေါက်ရောက်ခြင်း၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ်စသည့် တောရိုင်း တိရစ္ဆာန်များ ကျက်စားနေထိုင်ခြင်း၊ အောက်ချင်းငှက်တို့ သားပေါက်ရာ ဒေသဖြစ်ခြင်း၊ ထူးခြားသည့် ဘူမိရုပ်သွင်များရှိခြင်းတိုကြောင့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာရရှိနိုင်မည်ဖြစ်သဖြင့် အမျိုးသားဥယျာဉ်များအဖြစ် သတ်မှတ်ကြေညာခြင်းဖြစ်ကြောင်း သိရပါတယ်။

ထိုပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ အကျယ်အဝန်း ၁၂၃၅၅ ဧကရှိသည့် နယ်မြေကို ခါချဉ်တောင် ကြိုးပြင်ကာကွယ်တောအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ ၁၃၈၀၃ ဧကရှိသော နယ်မြေကို ကိုးကွေ့ တောင်ကြိုးပြင်ကာကွယ်တောအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရွာငံမြိုနယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၅၀၀၀ ဧကရှိသည့် နယ်မြေကို ဟန်လင်းတောင်ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြောင်း လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။

#ymg_mnn
Yangon_Media_Group.