#Local_News
Published_ 14 March 2022

 

မြန်မာ့ပင်လယ်ပြင်တွင် ရေသယံဇာတများကို ထုတ်ယူသုံးစွဲနိုင်သည့်ပမာဏထက် ကျော်လွန်ပြီး သုံးစွဲနေတဲ့အတွက် ရေအောက်သယံဇာတ (၆၀) ရာခိုင်နှုန်းနှင့် ရေပေါ် သယံဇာတ (၈၀) ရာခိုင်နှုန်း ပြုန်းတီးသွားခဲ့ကြောင်း ၁၉၇၉ မှ ၂၀၁၈ ခုနှစ်အထိ မြန်မာ့ ပင်လယ်ပြင်အတွင်း ရေသယံဇာများတည်ရှိနေမှုကို သုတေသန (၃) ကြိမ်ပြုလုပ်ခဲ့ရာမှ ရရှိခဲ့တဲ့အချက်အလက်များအရ သိရပါတယ်။

 

မြန်မာ့ပင်လယ်ပြင်အတွင်းရှိ သယံဇာတများဖြစ်သော ငါး၊ ပုစွန်နှင့် အခြားရေသတ္တဝါများကို အလွန်အကျွံ ထုတ်ယူသုံးစွဲမှုများရှိခဲ့တဲ့အတွက် နှစ်ပေါင်း (၄၀) ခန့်အတွင်း ရေသယံဇာတ ရှားပါးလာခြင်းဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာ့ပင်လယ်မှာ ၁၉၇၉ ခုနှစ်က တိုင်းတာခဲ့တဲ့ရလဒ်အရဆိုရင် တန်ချိန်အားဖြင့် ၇ သိန်းခွဲလောက်ရှိခဲ့ပါတယ်။ နောက်ဆုံး ၂၀၁၃ နှင့် ၂၀၁၈ ခုနှစ်က ပြန်လည်တိုင်းတာခဲ့တဲ့ ရလဒ်အရဆိုရင်တော့ တန်ချိန် ၃ သိန်း ၁ သောင်းလောက်ပဲ ရှိတော့တာတွေ့ရပါတယ်။

 

ရေအောက်လွှာအနေနှင့်ဆိုရင် (၆၀) ရာခိုင်နှုန်းလောက် လျော့နည်းသွားတာတွေ့ရတယ်။ ရေပေါ်အလွှာအနေနှင့်ဆိုရင် ၁၉၇၉ ခုနှစ်က တိုင်းတာခဲ့တာ တန်ချိန်တစ်သန်း လောက်ရှိခဲ့ပြီး၊ ၂၀၁၈ ခုနှစ် ပြန်လည်တိုင်းတာခဲ့တဲ့အခါတွင် တစ်သိန်းခြောက်သောင်းလောက်ပဲရှိတော့ကြောင်း သိရပါတယ်။။ သယံဇာတတည်ရှိမှုအနေနဲ့ဆိုရင် (၈၀) ရာခိုင်နှုန်းခန့်လျော့နည်းသွားကြောင်း သိရပါတယ်။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ရေသယံဇာတများကို ထိုင်းနိုင်ငံ၊ ရနှောင်းမြို့ ငါးဈေးကွက်သို့ ခေတ်အဆက်ဆက် တင်ပို့ရောင်းချရပြီး တိုင်းဒေသကြီးအတွင်း ကမ်းဝေးငါးဖမ်းလှေအစီးရေ (၁,၅၀၀) ကျော်ရှိကာ မြိတ်ခရိုင်တွင် လိုင်စင်ပြုလုပ်ထားသည့် ကမ်းနီးငါးဖမ်းအစီးရေ (၆,၀၀၀) ကျော်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

 

#ymg_mnn
#Yangon_Media_Group