#LocalNews
Published - 14 March 2022

 

စက်သုံးဆီစျေးနှုန်းမြင့်တက်လာမှုနှင့် အခြားသောအခြေအနေအရပ်ရပ်ကြောင့် ပရဟိတအသင်းအချို့က နယ်ဝေးလမ်းကြောင်း ပို့ ဆောင်ပေးမှုများကို ယခုကာလအတွင်းမှာ ခေတ္တရပ်နားထားရတယ်လို့ သိရပါတယ်။

 

"အခက်အခဲကြားကနေ ကူညီဆောင်ရွက်ပေးနေရတာပေါ့။ အခုဆိုရင် ဆီစျေးကြောင့် ပရဟိတအသင်းတွေ ရပ်တည်မှုခက်ခဲလာတယ်။တော်တော်များများကလည်း ရပ်နားထားတော့ ကျွန်တော်တို့ပါရပ်လိုက်ရင် ပြည်သူတွေလူနာရှင်တွေ ပိုပြီးတော့ အခက်အခဲဖြစ်မှာဆိုးလို့ မရပ်ရဲဘူး။ ပို့လိုရသလာက်တော့ ကျွန်တော်တို့ ပို့ပေးနေသေးတယ်။ ဥပမာ နယ်ဝေးလမ်းကြောင်းဆိုရင် ဘယ်အထိသွားလို့ရမလဲ၊ ရေဦးအထိသွားလို့ရလား သွားလို့မရရင်လည်း ဒေသခံအသင်းကကားတွေကို လမ်းတစ်ဝက်အထိလှမ်းခေါ်ပြီး လူနာချိန်းပေးလိုက်တယ် အဲ့လိုပုံစံမျိုးနဲ့ပဲ ကျွန်တော်တို့ ကူညီပို့ဆောင်ပေးနေရပါတယ်။ဒေသခံလူမှုကူညီရေးအဖွဲ့နဲ့ချိတ်ပြီး ဆောင်ရွက် ပေးရတော့ သူတို့လည်းအဆင်ပြေ ကျွန်တော်တို့လည်း အဆင်ပြေပေါ့နော်။"လို့ မုံရွာမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းဥက္ကဌ ဖြစ်သူ ဦးစိန်ကိုကို က ပြောပြခဲ့ပါတယ်။

 

လက်ရှိကာလတွင် အလှူရှင်ရှားပါးမှု အပါအဝင် စက်သုံးဆီစျေးနှုန်းတွေ မြင့်တက်လာမှုကြောင့် ပရဟိတအသင်းအချို့ ရပ်တည်ရန် ခက်ခဲလာပြီး ကူညီလုပ်ဆောင်ပေးမှုများကို ရပ်နားလိုက်ရသည့် ပရဟိတအသင်းများစွာလည်း ရှိနေတာဖြစ်ပါတယ်။

 

"ပြောရရင် ဆီဖိုးက တစ်ရက်ကို သိန်းချီပြီး ကုန်ကျမှုတွေရှိနေတယ်။ အလှူငွေက တစ်ရက်ကို ရမှ ၂ သောင်း၊ ၃ သောင်း။ အဲ့ တော့ ရေရှည်မှာ ပရဟိတအသင်းတွေရပ်တည်ဖို့က ပိုခက်ခဲလာတာပေါ့။ ကျွန်တော်တို့အသင်းအနေနဲ့ကတော့ နိုင်သလောက်လေး ပို့လို့ရသလောက်လေး ပို့ပေးနေပါအုံးမယ်။ ဆက်ပြီး မရပ်တည်နိုင်တော့ရင်လည်း တစ်မျိုးပေါ့။"လို့ ဦးစိန်ကိုကို က ဆက်လက်ပြောပြခဲ့ပါတယ်။

 

လက်ရှိကာလမှာတော့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(မုံရွာ)အနေနဲ့ လူနာတင်ယာဥ် ၆ စီးဖြင့် လူမှုကူညီရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

 

ymg/kg
#Yangon_Media_Group