#LocalNews
Published - 12 March 2022

 

ဒီကနေ့ နံနက်ပိုင်းမှစတင်၍ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ကားများပိတ်ဆို့နေပြီး အဆိုပါလမ်းမကြီးကိုလည်း ခေတ္တယာယီပိတ်ထားရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ဒီကနေ့(မတ်လ ၁၂ ရက်) နံနက်ပိုင်းတွင် မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကုန်တင်ယာဉ် ၂ စီးနှင့် ခရီးသည်တင်မှန်လုံယာဉ် ၁ စီး စုစုပေါင်းယာဉ် ၃ စီး ပစ်ခတ်မီးရှို့ခံရပြီးနောက် ယာဉ်သွားလာမှုများအား ယနေ့ နေ့လည်ပိုင်းကစလို့ ပိတ်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

"မြ၀တီလမ်းအခြေနေ မကောင်းပါဘူး။ကားတွေ မီးရှို့ခံရတယ်ပြောတယ်။ တချို့ကားတွေလည်း ပြန်လှည့် နေကြရတယ်။ အခြေအ နေအသေးစိတ်ကတော့ မသိရသေးဘူး။ တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း ပြောပါတယ်။"လို့ မြဝတီမြို့နေ ဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

 

လက်ရှိအခြေအနေများအရ အာရှလမ်းမကြီးတွင် ယာဉ်ဖြတ်သန်းသွားလာမှုတွေကို ခေတ္တပိတ်ထားသောကြောင့် ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများအနေဖြင့် ခိုင်လုံသည့်သတင်းများအားနားစွင့်ပြီး သတိထားသွားလာကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်မှုတွေကို ပြုလုပ်ထားပါတယ်။

 

အဆိုပါ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီး တောနော်ရေတံအနီးတွင် ဒီကနေ့ မနက် ၈ နာရီကျော်ခန့်က ၁၂ ဘီးကားတစ်စီးနှင့် ကော့နွဲတတားအနီးတွင် ကုန်တင်ယာဉ်တစ်စီးတို့ မီးလောင်ခဲ့တာဖြစ်ပြီး မနက် ၉ နာရီအချိန်ခန့်မှာလည်း ၃ စီးမြောက်အဖြစ် ရွှေစင်စင်္ကြာမှန်လုံယာဉ် ထပ်မံ၍ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

 

ဒါ့အပြင် ယနေ့ မွန်းလွဲပိုင်းမှာလည်း အဆိုပါလမ်းမကြီးပေါ်တွင် မြဝတီမြို့သို့တက်လာသည့် အိမ်စီးကားငယ်တစ်စီး နှစ်ဖက်ညှပ် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

 

အဆိုပါလမ်းမကြီးတွင် နှစ်ဖက်တပ်တွေရဲ့ စစ်ရေးတင်းမာမှုတွေက မြင့်တက်နေတာဖြစ်တယ်လို့လည်း ယင်းဒေသခံများရဲ့ ပြောပြချက်အရသိရပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group