#LocalNews
Published - 12 March 2022

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဖြစ်ပွားလျက်ရှိသောဖြစ်ရပ်များကြောင့် ယခု ၂၀၂၂ ခုနှစ်၊မတ်လ ၁ ရက် နေ့ အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၅၀၃,၀၀၀ အထိရှိလာတယ်လိ့် UNHCR က ထုတ်ပြန်လိုက်ပါတယ်။

 

ဒါဟာ ခုနှစ်ရက်တာ ကာလအတွင်း လူဦးရေ ၅ သောင်းကျော်တိုးမြှင့်လာခဲ့ခြင်းဖြစ်တယ်လို့ UNHCR က
ဆိုပါတယ်။

 

ဒါ့အပြင် အရှေ့မြောက်ပိုင်းဒေသရှိ ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားမှုကြောင့် လူဦးရေ ၁,၀၀၀ ခန့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေကြရသလို အနောက်မြောက်ပိုင်းဒေသတွင် ဘေးကင်းလုံခြုံမှုအခြေအနေ မတည်ငြိမ်လျက်ရှိပြီး လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားလျက်သောကြောင့် သီးနှံများရိတ်သိမ်းမှုများနှင့် အခြားသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများတွင် ပြင်းထန်စွာထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပွားလျက်ရှိတယ်လို့ UNHCR က ပြောပါတယ်။

 

ယင်းဖြစ်ရပ်များကြောင့် နေရပ်စွန့်ခွာသူများသည် အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသောအခြေခံလိုအပ်ချက် ဝန်ဆောင်မှုများစသည့်အကူအညီများ အရေးတကြီးလိုအပ်လျက်ရှိပြီး ချင်းပြည်နယ်တွင်လည်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရမှုများ မြှင့်တက်လာလျက်ရှိတယ်လို့ UNHCR က ဆိုပါတယ်။

 

ဒါကြောင့် ရခိုင်ပြည်နယ်အပါအဝင် ကယားပြည်နယ်၊ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့ရှိ နေရပ်စွန့်ခွာစခန်းများတွင်နေထိုင်နေသည့် နေရပ်စွန့်ခွာနေထိုင်ရသူအတွက် အရေးပေါ်ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာသုံးနှာခေါင်းစည်းများကို ပံ့ပိုးကူညီပေးသွားမယ်လို့လည်း UNHCR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

ဓါတ်ပုံ - UNHCR

ymg/kg
#Yangon_Media_Group