Published 9 March 2022

နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စစ် ဆူဖတ်ဖရာ ဆရီမိုင်းသရဖီတပ်ကို  ယနေ့မနက်ပိုင်းက နေပြည်တော်တွင် လက်ခံတွေဆုံ နှုတ်ဆက်ခဲ့တယ်လို့နစကရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းသံအမတ်ကြီးဟာ ကုလသမဂ္ဂနှင့် ဂျနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထိုင်းနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်တိုးမြှင့်ထမ်းဆောင်မှာဖြစ်တယ်လို့ သံတမန်အသိုင်းအဝန်းကသိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအသစ်ရဲ့အမည်ကို ထိုင်းအစိုးရက ပေးပို့ထားပြီးဖြစ်တယ်လို့လည်း သတင်းအရင်းအမြစ်တွေကဆိုပါတယ်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည် ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှုလုပ်ငန်းများတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ များကို တိုက်ရိုက်ပေးချေနိုင်မှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာမည့်အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါ ဒုတိယလှိုင်းကာလအတွင်း ကုသမှုအတွက်လိုအပ်သည့် အောက်ဆီဂျင်များရရှိရေး ထိုင်းနိုင်ငံမှ ကူညီဆောင်ရွက်ပေးခဲ့မှု  အခြေအနေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေတွေကိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နစကဥက္ကဋ္ဌ မြင်ကွင်းမှာ ရက်အတန်ကြာ ပျောက်ကွယ်နေခဲ့တဲ့အတွက် သူနှင့်ပတ်သက်လို့ ကျန်းမာရေးဆိုင်ရာ ကောလာဟလတွေများစွာထွက်ပေါ်ခဲ့ပြီးနောက် ယနေ့ ပထမဦးဆုံး ပြန်လည်ထွက်ပေါ်လာတာဖြစ်ပါတယ်။