#LocalNews
Published - 5 Mar 2022

 

ကချင်ပြည်နယ်ရှိ ပူတာအိုမြို့တွင် စက်သုံးဆီများကို ဒေသခံများက အလုအယက်ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။

 

" ဆီဘောက်ဆာကား နှစ်စီးဝင်လို့ရောင်းပေးတာပါ ။ တစ်ယောက်ကို ၃,၀၀၀ ဖိုးပဲရောင်းပေးတယ်၊ လုံလောက်မှုမရှိဘူးပေါ့။ ရတဲ့ဆီက ဆိုင်ကယ်တစ်စီးတောင် မပြည့်ပါဘူး။ ရောင်းတာကလည်း မြို့ပေါ်က တိုင်းကျော် ဆီဆိုင်တစ်ခုထဲမှာပဲ ရောင်းပေးနေတာပါ။
ပြောရရင် အခုထိအဆင်မပြေသေးပါဘူး၊ ပူတာအိုမှာ ဓါတ်ဆီစျေးက တက်နေတုန်းပါပဲ။"လို့ ပူတာအိုမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

 

လက်ရှိ ပူတာအိုဒေသတွင် ဓါတ်ဆီ ၁ လီတာ တစ်ပုလင်းလျှင် ကျပ် ၃,၀၀၀ မှ ကျပ် ၄,၀၀၀ အထိ ပေါက်စျေးရှိနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

"အခက်အခဲတွေက ရှိနေတုန်းပါပဲ။ ဒီမနက်ဆို ဘာဖြစ်လဲဆိုရင် နာရေးအိမ်တစ်ခုက အကူအညီတောင်းတာတောင် Body ကို သွားသယ်ပေးလို့ မရဘူးဖြစ်ခဲ့တယ်။

 

ကားဆီမရှိလို့လေ၊အခုရောင်းပေးတယ်ဆိုတာကလည်း တစ်ယောက်ကို ၃,၀၀၀ ဖိုးလောက် ကားဆိုရင် ၆,၀၀၀ ဖိုးလောက် ဒါ လောက်ပဲရောင်းပေးတော့ အဆင်မပြေခဲ့ပါဘူး။ စက်သုံးဆီအခက်အခဲက ရှိနေတုန်းပါပဲ။"လို့ ပူတာအိုမြို့ ဒေသခံတစ်ဦးက ဆက်လက် ပြောပြခဲ့ပါတယ်။

 

အဆိုပါ ပူတာအိုဒေသတွင် စက်သုံးဆီတွေ လနဲ့ချီကြာအောင် ပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

 

သို့သော်လည်း ယမန်နေ့က ပူတာအိုမြို့သို့ ဆီဘောက်ဆာကားနှစ်စီး ပြန်လည်ဝင်ရောက်လာတဲ့အတွက် ဒီကနေ့မှစတင်ပြီး စက်သုံးဆီများကို ခွဲတမ်းနဲ့ ရောင်းချပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group