#LocalNews
Published -27 Feb 2022

 

သျှမ်းပြည်ညီညွတ်ရေးကောင်စီ (CSSU) ရဲ့လုပ်ငန်းစဉ်များ ခေတ္တဆိုင်းငံ့ထားရန် အချက် ၄ ချက်ပါ သဘောထားထုတ်ပြန်ချက်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ ယနေ့ထုတ်ပြန်လိုက်ပါတယ်။

 

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့က RCSS နဲ့ အစိုးရတို့အကြား နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းခွင့်ရရှိရန်အတွက် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့က သျှမ်းပြည်ညီညွှတ်ရေးကော်မတီ (Committee for Shan State Unity - CSSU) ကို ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ထုတ်ပြန်ချက်မှာ အလှည့်ကျခေါင်းဆောင်ခြင်းစနစ်ကျင့်သုံးရန် သဘောတူညီမှုရရှိခဲ့သော်လည်း အခြေအနေနဲ့ကိုက်ညီမှုရှိသော်လည်း အခြားတစ်ဖက်တွင် သက်ဆိုင်ရာအစုအဖွဲ့အတွက် နိုင်ငံရေးအကျိုးအမြတ် ရယူနိုင်တဲ့အခွင့်အလမ်းများဖြစ်စေတာကြောင့် ထိရောက်မှုမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ပါတီနှစ်ပါတီအကြား ညိနှိုင်းဆောင်ရွက်မှုများ မလုပ်ဆောင်နိုင်ခဲ့ခြင်း၊ သျှမ်းလက်နက်ကိုင်တပ်နှစ်တပ် အကြား ၂၀၁၈ နှစ်ကုန်ပိုင်းမှစပြီး ၂၀၂၀ အထိ ဖြစ်ပွားခဲ့သည့် နှစ်ဘက်တပ်ထိတွေ့မှုများကို CSSU မှ မဖြေရှင်းနိုင်ခဲတဲ့အပြင် ၂၀၂၁ - ၂၀၂၂ ခုနှစ် အထိ တိုက်ပွဲများစဉ်ဆက်မပြတ် ပြင်းထန်ကျယ်ပြန့်လာခြင်းကြောင့် အရပ်သား ပြည်သူများ ထိခိုက်နစ်နာ၊ စစ်ဘေးရှောင်၊ အတိဒုက္ခရောက်စေခြင်းတို့ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

 

ဆက်လက်ပြီး CSSU ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သျှမ်းတိုင်းရင်းသားများအကြား ညီညွှတ်ရေးမှသည် သျှမ်းပြည်တိုင်းရင်းသားများအားလုံး ညီညွှတ်ရေးသို့ ဦးတည်ရန်အတွက် တိုးတက်မှု မရှိသလောက် နည်းပါးတဲ့အပြင် သျှမ်းပြည်အတွက် ရှင်းလင်းတိကျတဲ့ နိုင်ငံရေးရည်မှန်းချက်များ မချမှတ်နိုင်ခဲ့ခြင်းနဲ့ ကော်မတီအတွင်း အဖွဲ့ဝင်များ ကိုယ်စားပြုပါဝင်မှုနဲ့ အတွင်းရေးမှူးအဖွဲ့ ကိုယ်စားပြုပါဝင်မှုတို့မှာ အဖွဲ့ဝင်ဖြစ်တည်မှုအပေါ်တွင် အခြေမခံခြင်း စတဲ့အချက်အလက်များကြောင့် CSSU လုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့ရန် RCSS ရဲ့ထုတ်ပြန်ကြေညာချက်မှာ ရေးသားဖော်ပြထားပါတယ်။

 

ymg/hm
#Yangon_Media_Group