#LocalNews
Published - 25 Feb 2022

ပြည်ပစားသုံးဆီတင်သွင်းမှုအနေနဲ့ ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာပွင့်ဆန်း ပြောကြားချက်အရသိရပါတယ်။

ပြည်ပကနေ စားသုံးဆီတင်သွင်းမှုအနေနဲ့ ကာလတူနှိုင်းယှဉ်ချက်အရ ယခင်နှစ်တွင် တန်ချိန် ၃ ဒဿမ ၁ သိန်းကျော်ခန့် တင်သွင်းခဲ့ပြီး ယခုနှစ်မှာ ၂ ဒဿမ ၃ သိန်းခန့်သာ တင်သွင်းခဲ့တဲ့အတွက် ရာခိုင်နှုန်းအနေနဲ့ ၃၀ ရာခိုင်နှုန်း အထိ လျှော့ချထိန်းညှိနိုင်ခဲ့တယ်လို့ စားသုံးဆီ အရည်အသွေး၊ ဈေးနှုန်းကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ ဝန်ကြီးက အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။

ဒ့ါအပြင် ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို မူဝါဒအရ လျှော့ချပြီး အကန့်အသတ်နဲ့ တင်သွင်းတဲ့အစီအစဉ်ကို ယခု Mini Budget မှစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်းလိုအပ်ကြောင့် စားသုံးဆီကို ပြည်ပကနေ တင်သွင်းနေရတာကြောင့် နိုင်ငံခြားငွေ ဆုံးရှုံးတဲ့အတွက် ဆီလျှော့စားသုံးဖို့ နစက ဥက္ကဋ္ဌက သတိပေးတာတွေရှိခဲ့ပါတယ်။

ကမ္ဘာ့ဈေးနှုန်းမှာ ယခုနှစ် ဇန်နဝါရီလအတွင်း စားသုံးဆီ တစ်တန်ကို ပျမ်းမျှ ၁၄၀၇ ဒေါ်လာရှိပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်း ပျမ်းမျှအားဖြင့် ၁၅၅၀ ဒေါ်လာခန့်မှ ယခုအပတ်အတွင်း ပျမ်းမျှအားဖြင့် ၁၆၄၀ ဒေါ်လာခန့်ထိ တဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်။

ပြည်တွင်းစားသုံးဆီဈေးနှုန်းမှာ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၇ ရက်အထိ ရည်ညွှန်းဈေးနှုန်းအနေနဲ့ တစ်ပိဿာကို လက်ကားဈေးနှုန်း ၅၄၀၀ ကျပ်၊ လက်လီပေပါဈေးနှုန်း ၅၄၅၀ ကျပ်နဲ့ လက်လီပုံးဆွဲဈေးနှုန်းမှာ ၅၅၅၀ ကျပ်ရှိ ကြောင်း သိရပါတယ်။

ymg/ei
#Yangon_Media_Group