#LocalNews
Published - 21 Feb 2022


ထိုင်းနိုင်ငံ၊ မဟာချိုင်နယ်မြေက ထိုင်းရဲအချို့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေအပေါ်ဖမ်းဆီး ငွေညှစ်မှုတွေရှိနေပြီး အဆိုပါဖြစ်စဉ် တွေဟာ အခုနောက်ပိုင်းကာလ တွေမှာ ပိုမိုဆိုးရွားလာတယ်လို့ သိရပါတယ်။

မဟာချိုင်သည် မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ အများဆုံးရှိ နေသည့် နေရာလည်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း မြန်မာလုပ်သားတွေ အလုပ်သွားပြန်လမ်းမှာ ထိုင်းပုလိပ်များက စစ်ဆေး ဖမ်းဆီးတာ တွေကို ပြုလုပ် နေခြင်းဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ ပြောင်း အလုပ်သမားအရေးကူညီ ဆောင်ရွက်ပေးနေသူတွေကဆိုပါတယ်။

"မဟာချိုင်နယ်မြေက ထိုင်းရဲအချို့ကမြန်မာလုပ်သားတွေကို တွေ့တာနဲ့ ငွေထုပ်ကြီး
တွေ့သလိုပဲ။ ပျော်ပျော်ကြီး စစ်ဆေးမေးမြန်း ဖမ်းဆီး ငွေညှစ်တော့တာပါပဲ။ ခုနောက်ပိုင်း ပိုဆိုးလာတယ်။မြန်မာဆိုတာ သိတာနဲ့ အစစ်အဆေး အမေးအမြန်းမရှိ မဟာချိုင် ပုလိပ်ရုံးတန်းခေါ်သွားပြီးလေးထပ်အောက်ထပ် ထောင့်ခန်းမှာ ချောင်ပိတ်ပြီး
ငွေညှစ်တော့တာပဲ။ ခုလိုကာလကြီးမှာ ယခင်က စာရွက်စာတမ်း ပြည့်စုံပါတယ်လို့ လက်မထောင်ခဲ့သူတွေတောင် စာအုပ်တစ်အုပ်နဲ့တင် တိုင်ပတ်နေတဲ့ အချိန်ဆိုတော့ကာ အထောက်အထားပြည့်စုံသူကိုတောင်ရတဲ့နည်းနဲ့ ငွေညှစ်တာ ခုလို သက်တမ်းတိုး
ကာလဆိုတော့ စဉ်းစားသာကြည့်တော့ပေါ့"လို့ မြန်မာ ရွှေ့ ပြောင်း အလုပ်သမား အရေး ကူညီ ဆောင်ရွက်ပေးနေသူ တစ်ဦးကပြောပါတယ်။

" ပြောရရင် နောက်ဆုံးတော့ ပုလိပ်ရှေ့ ခလုပ်တိုက်လဲတဲ့ မြန်မာလုပ်သားတွေပဲ မိအေးနှစ်ခါနာရတဲ့အဖြစ်ပါ။"လို့ ၎င်းကဆက်လက်ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ယခုကာလမှာ ထိုင်းနိုင်ငံထဲသို့ တရားမဝင်လမ်းက ဝင်ရောက်လာတဲ့သူ တွေကိုလည်း နေ့စဉ်ဆိုသလို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။

ယခုဖေဖော်ဝါရီလ ၁၉ ရက် နေ့ကလည်း ထိုင်းနိုင်ငံထဲသို့ တရားမဝင်လမ်းက ဝင် ရောက်လာတဲ့ မြန်မာနိုင်ငံ ၂၁၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။

"အားလုံးကို သတိပေးချင်တာက ထိုင်းနိုင်ငံဟာဟိုးယခင်ကလို ခေတ်မကောင်းတော့ပါဘူး
ဆိုတာပါပဲ။"လို့ သူက ထပ်လောင်းပြောပြခဲ့ပါတယ်။

ပုံ - မြန်မာလုပ်သားတွေ အလုပ်သွားပြန်လမ်းမှာထိုင်းပုလိပ်များက ယခုရက်ပိုင်း စစ်ဆေးနေစဉ်။

Photo - ကျော်ရဲအောင်(မဟာချိုင်)

ymg/kg
#Yangon_Media_Group