#Local_News
Published_ 19 Feb 2022

 

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ (၁၀) ကြိမ်မြောက် အထူးအစည်းအဝေးနှင့် အကြိမ် (၃၀) မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးမှ ဒါရိုက်တာအဖွဲ့ဝင်သစ် ၁၃ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒါရိုက်တာအဖွဲ့နှင့် ဘဏ်ဥက္ကဌအဖြစ် ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာတင်ဝင်းကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရပါတယ်။

 

ဘဏ်၏ (၁/၂၀၂၂) အထူးအစည်းအဝေးမှ ဒါရိုက်တာအဖွဲ့ ဥက္ကဌအဖြစ် ဒေါက်တာတင်ဝင်း၊ အမှုဆောင်ဒါရိုက်တာအဖြစ် ဒေါ်လှလှဝင်းတို့အား ရွေးချယ်ခဲ့ကြောင်း ဘဏ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

ဘဏ်ဥက္ကဌဖြစ်လာသည့် ဒေါက်တာတင်ဝင်းသည် ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အထိ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ပါမောက္ခချုပ်၊ ၂၀၁၈ မှ ၂၀၂၁ ခုနှစ်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။

 

ပထမပုဂ္ဂလိကဘဏ်သည် မြန်မာနိုင်ငံတွင် ပထမဆုံး စတင်တည်ထောင်ဖွဲ့စည်းခဲ့တဲ့ဘဏ်ဖြစ်ပြီး နှစ်ပေါင်း ၃၀ သက်တမ်းရှိကာ ဒေါက်တာတင်ဝင်းမှာ ဒုတိယမြောက် ဥက္ကဌဖြစ်လာခြင်းဖြစ်ပါတယ်။

 

ဘဏ်အား အများပြည်သူယုံကြည်အားထားမှုရှိသော နိုင်ငံတကာအဆင့်မီ ဘဏ်ကြီးတစ်ခုဖြစ်လာရန် ဒါရိုက်တာအဖွဲ့က အစွမ်းကုန်ဆောင်ရွက်သွားမည်ဟု ဒေါက်တာတင်ဝင်းက ပြောကြားထားပါတယ်။

 

ဒေါက်တာတင်ဝင်းသည် မဟာဝါဏိဇ္ဇဘွဲ့ကို ၁၉၉၂ ခုနှစ်တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ရရှိခဲ့ပြီး၊ Ph. D (Management and Accounting) ကို ဂျပန်နိုင်ငံ Keio တက္ကသိုလ်မှ ၂၀၀၀ ပြည့်နှစ်တွင် ရရှိခဲ့ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group