#LocalNews
Published - 18 Feb 2022

 

မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံရသူ စတင်တွေ့ရှိခဲ့တယ်လို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ ကျန်းမာ ရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီး ငါးလအတွင်း ကိုဗစ်ကူးစက်ခံရမှုဟာ အမြင့်ဆုံးသို့ ပြန်ရောက်လာတယ်လို့ ISP Myanmar ၏ သုတေသနစစ်တမ်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနက အိုမီခရွန်တွေ့ရှိမှုနဲ့ပတ်သက်ပြီး (၁၅)ကြိမ် သတင်းထုတ်ပြန်ထားပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်အထိ နောက်ဆုံးထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၃၄၈ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

 

သို့သော်လည်း ဖေဖော်ဝါရီ ပထမပတ်နဲ့ ဒုတိယပတ်အတွင်းမှာပဲ အိုမီခရွန် ကူးစက်ခံရတဲ့ လက္ခဏာရှိသူ လူအများစုမှာ ဖြစ်လာတာကြောင့် အိုမီခရွန်ကူးစက်ခံရမှုဟာ နစကရဲ့ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်တဲ့ပမာဏထက် အဆမတန်များပြားပြီး အလျင်အမြန် ကူးစက်ပြန့်နှံ့နေတယ်လို့ ယူဆနိုင်ကြောင်းကိုလည်း ISP Myanmar က ဆိုပါတယ်။

 

ISP Myanmar ၏ ထုတ်ပြန်ချက်အရ ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ကိန်းဂဏန်းတွေကို ဆန်းစစ်ကြည့်ပါက ကိုဗစ်ကူးစက်မှုဟာ ငါးလအတွင်း အမြင့်ဆုံးပြန်ရောက်လာတဲ့အပြင် နောက်ထပ် လှိုင်းတခုဖြစ်မယ့် အသွင်ဆောင်လာတာကို တွေ့ရကြောင်း၊ ဒါ့အပြင် ဒီကူးစက်မှုတွေထဲမှာလည်း ရန်ကုန်တိုင်းအတွင်း ကူးစက်မှုက အများဆုံးဖြစ်လာပြီး ဖေဖော်ဝါရီလ ၁၅ ရက်တာကာလ အတွင်း လူပေါင်း ၆,၉၀၀ နီးပါး ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။

 

တစ်နိုင်ငံလုံးကို ခြုံကြည့်ရင်တော့ ဖေဖော်ဝါရီလ ၁၄ ရက်တာ ကာလအတွင်း ကိုးဗစ်ကူးစက်မှုအားလုံးရဲ့ ၅၄ ရာခိုင်နှုန်းဟာ လူနေထူထပ်တဲ့ ရန်ကုန်တိုင်းအတွင်းမှာဖြစ်တယ်လို့လည်း ISP Myanmar က ဖော်ပြပါတယ်။

 

ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကတော့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဟာ မျိုးကွဲတွေထက် ကူးစက်နိုင်ခြေမြင့်မားပြီး ရောဂါလက္ခဏာမပြဘဲ (မပြင်းထန်တဲ့)ကူးစက်ခံရမှု အခြေအနေကတဆင့် အပြင်းအထန် ဖျားနာမှု၊ သေဆုံးမှုအခြေအနေ ကြုံရနိုင်ခြေလည်းရှိကြောင်း သတိပေးထားပါတယ်။

 

ဒါကြောင့်လည်း အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေနဲ့ ကာကွယ်ဆေး မထိုးထားသူတွေ သတိပြုဖို့ အထူးလိုအပ်နေတယ်လို့လည်း ကျန်းမာရေးပညာရှင်တွေက အသိပေးနှိုးဆော်ထားတယ်လို့ ISP Myanmar က ဆိုပါတယ်။

 

ဒါ့အပြင် ယခုလက်ရှိကာလမှာ ကိုဗစ်အတည်ပြုလူနာသစ်တွေလည်း နေ့စဉ်တိုးမြင့်လာနေတာပါ။ ဖေဖော်ဝါရီ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့ နှစ်ရက်ဆက်တိုက် တစ်နေ့ကို လူဦးရေ နှစ်ထောင်ကျော်နှုန်းနဲ့ တွေ့ရှိခဲ့ပြီး လွန်ခဲ့တဲ့ တစ်ပတ်တိတိမှာလည်း တစ်နေ့ကို လူဦးရေ တစ်ထောင်ကျော်နှုန်းနဲ့ လူနာသစ်တွေ့ရှိမှုတွေ တိုးမြင့်လာတာ ဖြစ်ပါတယ်။

 

အခုလက်ရှိ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာလည်း မူလ ၁ ရာခိုင်နှုန်းကနေ ၈ ဒသမ ၉၈ ရာခိုင်နှုန်းအထိ မြင့်တက်လာတာတွေ့ရပါတယ်။

 

ဒါ့အပြင့် ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များအရ ပြည်တွင်းမှာ
ကိုဗစ်ရောဂါပိုးကူးစက်ခံသူ ၅၅၆, ၂၅၆ ဦးအထိ ရှိနေပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group