#LocalNews
Published - 17 Feb 2022

 

ပြည်တွင်းမှာ ကိုဗစ်ရောဂါပိုးကြောင့် ဇန်နဝါရီလ ၂၃ ရက်အထိ သေဆုံးသူ ၁၉,၃၁၀ ဦး သေဆုံးခဲ့ပေမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ သေဆုံးမှုတွေမရှိခဲ့ဘဲ နောက်ပိုင်းမှာ သေဆုံးသူတွေ ပြန်လည်ရှိလာပါတယ်။

 

အခုဆိုရင် ၃ ရက်ဆက်တိုက် သေဆုံးမှုတွေ ပြန်လည်ဖြစ်ပေါ်လာပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့က ၁ ဦး ၁၅ ရက်နေ့က ၃ ဦးနဲ့ ၁၆ ရက်နေ့က ၄ ဦး ထပ်မံသေဆုံးခဲ့ကာ စုစုပေါင်း သေဆုံးသူ ၁၉,၃၁၈ ဦး သေဆုံးလျက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

 

ဒါ့အပြင် ကိုဗစ်အတည်ပြုလူနာသစ်တွေလည်း နေ့စဉ်တိုးမြင့်လာပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့နဲ့ ၁၅ ရက်နေ့ နှစ်ရက်ဆက်တိုက် တစ်နေ့ကို လူဦးရေ နှစ်ထောင်ကျော်နှုန်းနဲ့တွေ့ရှိခဲ့ပြီး လွန်ခဲ့တဲ့ တစ်ပတ်တိတိမှာလည်း တစ်နေ့ကို လူဦးရေ တစ်ထောင်ကျော်နှုန်းနဲ့ လူနာသစ်တွေ့ရှိမှုတွေ တိုးမြင့်လာတာဖြစ်ပါတယ်။

 

အခုလက်ရှိ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာလည်း မူလ ၁ ရာခိုင်နှုန်းကနေ ၈ ဒသမ ၉၈ ရာခိုင်နှုန်းအထိ မြင့်တက်လာတာတွေ့ရပါတယ်။ ဒါ့အပြင် ပြည်တွင်းကိုဗစ်ရောဂါပိုး ကူးစက်ခံသူ ၅၅၃,၅၆၄ ဦးအထိ ရှိနေပြီးဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ပြည့်ထိုးနှံပြီးသူနဲ့ အကြိမ်ပြည့်ထိုးနှံပြီးသူ လူဦးရေ စုစုပေါင်း ၂၃ ဒသမ ၁၅ သန်း ရှိနေပြီလို့ သိရပါတယ်။

 

ymg/ei
#Yangon_Media_Group