#LocalNews
Published - 17 Feb 2022

 

ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများထားရှိနိုင်ရေး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ ဒလမြို့နယ်-ကိုဗစ်-၁၉ သတင်းပြန်ကြားရေးကော်မတီမှ သိရပါတယ်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ထားရှိနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအလိုက် ပြည်သူ ၂၀ ဦးမှ ၃၀ ဦးအထိ ဝင်ဆံ့ထားရှိနိုင်သော ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးနိုင်သည့် Test Center ၃ ခုဖွင့်လှစ်ထားရှိတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် Test Center (၃)ခုကိုလည်း ဒလမြို့နယ်အတွင်းရှိ ဒလပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်ကြီးတိုက်နယ်ဆေးရုံနဲ့ ရခိုင်ချောင်တိုက်နယ်ဆေးရုံတို့တွင် ဖွင့်လှစ်ပေးထားပြီး ကိုဗစ်စစ်ဆေးခြင်းတွေကို ဒလပြည်သူ့ဆေးရုံ၌ တနင်္လာနေ့မှ သောကြာနေ့အထိလည်းကောင်း၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံတွင် အင်္ဂါနေ့နှင့် ကြာသပတေးနေ့တို့တွင်လည်း ကောင်း၊ ပျော်ဘွယ်ကြီးတိုက်နယ်ဆေးရုံတွင် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် စစ်ဆေးနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

လက်ရှိအချိန်ထိ ဒလမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာစုစုပေါင်း ၈၃ ဦးအထိ ရှိနေပြီး အဆိုပါ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ၁၃ ဦး၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံတွင် ၁၀ ဦး၊ သပြေကုန်းကျေးရွာရှိ အနာဂါမ် ဆရာသက်ကြီးတန်ဆောင်တွင် ၂၉ ဦးတို့အား အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိနေတာပါ။

 

ဒါ့အပြင် ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူမှာလည်း ၂၄ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ဒလမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရပါတယ်။

 

ဓါတ်ပုံ - ဒလမြို့နယ်-ကိုဗစ်-၁၉ သတင်းပြန်ကြားရေးကော်မတီ

ymg/kg
#Yangon_Media_Group