#LocalNews
Published- 15 Feb 2022

 

ပြည်တွင်းမှာ လာရောက်ရင်းနှီးမြုပ်နှံကြတဲ့ ပြည်ပက ဘီယာလုပ်ငန်းစုများ ရင်းနှီးမြုပ်နှံမှုတွေကို ပြန်လည်ရုပ်သိမ်းပြီး ထွက်ခွာသွားခြင်းက အစားထိုးရန်လွယ်ကူသောလုပ်ငန်းဖြစ်တယ်လို့ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကတုန့်ပြန် ပြောဆိုလိုက်ပါတယ်။

 

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တစ်ခုဖြစ်တဲ့ ဂျပန်ကုမ္ပဏီပိုင် ကီရင်ဘီယာအနေနဲ့ ၎င်းတို့ပိုင်အစုရှယ်ယာများကိုရောင်းချကာ ဇွန်လတွင် မြန်မာနိုင်ငံက ထွက်ခွာသွားရန်စီစဥ်နေမှုအပေါ် ဝန်ကြီးဌာနက ပြန်လည်တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

 

"ရင်းနှီးမြုပ်နှံမှုအမျိုးအစားအရ ဘီယာလုပ်ငန်းစုများ ပြည်တွင်းကထွက်ခွာခြင်းက အစားထိုးရန်လွယ်ကူသောလုပ်ငန်းဖြစ်ပါတယ်။ ဘီယာသောက်သုံးမှုကိုတောင် discourage ဖြစ်သွားတဲ့အတွက် လျော့ကျစေနိုင်ပါတယ်။ဘီယာစျေးတွေတက်ရင် လျော့သောက်ကျမှာပေါ့။မဟုတ်ရင်လည်း အခြားဘီယာတွေ အစားထိုးကြမယ်ထင်ပါတယ်။ ဒီလိုရင်းနှီးမြုပ်နှံမှုမျိုးဟာ ထုတ်လုပ်မှုကို တွန်းအားဖြစ်စေတဲ့ Productive Investment မဟုတ်ပါဘူး"ဟု ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကပြောသည်။

 

မြန်မာဘရူဝါလီ လီမိတက်တွင် Krin Holdings Singapor pet. Ltd. က ၅၁ရာခိုင်နှုန်း မြန်မာစီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်က ၄၉ ရာခိုင်နှုန်းအစုရှယ်ယာထည့်ဝင်ထားပြီး ၎င်းတို့အနေနဲ့ အစုရှယ်ယာပမာဏကို မည်မျှရောင်းချမည်၊ မည်သူက အစုရှယ်ယာလွဲပြောင်းလက်ခံရယူမည် စသည့်အစုရှယ်ယာလွဲပြောင်းရောင်းချခြင်း အချက်အလက်များပါဝင်တဲ့ အစုရှယ်ယာလွဲပြောင်းရောင်းချရန် တရားဝင်တင်ပြလျှောက်ထားလာခြင်းမရှိသေးကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

 

ဒါ့အပြင် မြန်မာဘရူဝါလီကုမ္ပဏီလီမိတက်အနေနဲ့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရယူ၍ ဆောင်ရွက်သောလုပ်ငန်းဖြစ်တာကြောင့် ရင်းနှီးမြုပ်နှံမှုများနဲ့ပက်သက်ပြီးဆောင်ရွက်ရာမှာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ရဲ့ ကြိုတင်ခွင့်ပြုချက်ရယူဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group