#Local_News
Published_ 15 Feb 2022

 

အခြေခံမဲဆန္ဒရှင် စာရင်းများမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်း စီမံချက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။

 

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် အမှတ်စဉ် (၁) ဖြစ်သည့် မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အမှတ်စဉ် (၅) ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့ပါတယ်။

 

မဲစာရင်းများပြုစုရေးအတွက် ကြိုတင်ပြင်ဆင်ရာတွင် မဲဆန္ဒရှင်စာရင်းနှင့် ပတ်သက်ပြီး ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေး၊ မြို့နယ်အလိုက် အခြေခံ မဲဆန္ဒရှင်စာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆) အပေါ်အခြေခံပြီး ပြုစုလျက်ရှိတယ်လို့ ဆိုပါတယ်။

 

ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ ခု အနက် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေတို့၌ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုပြီးဖြစ်ကြောင်းနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၁ ခု တွင်လည်း မကြာမီ လုပ်ငန်းပြီးစီးတော့မှာဖြစ်ပါတယ်။

 

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

ymg-mnn
#Yangon_Media_Group