#LocalHealth
Published - 13 feb 2022

 

ကိုဗစ်ရောဂါရဲ့ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်ကူးစက်ခံရမှုနှုန်းမြင့်တက်လာတာကြောင့် ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်က အောင်မြင့်မိုရ်ကိုဗစ်ကုသရေးစင်တာကို ပြန်လည်ဖွင့်လှစ်ထားပြီး အောင်မြင့်မိုရ်ကုသရေးစင်တာတွင် ကုသမှူခံယူနေသောသူများအတွက် သောက်ရေများလိုအပ်လျက်ရှိကာ လှူဒါန်းလိုသော အလှူရှင်များ 09-795002257 သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

 

အိုမီခရွန် ကူးစက်မှုနူန်း အရမ်းမြန်ဆန်နေတာကြောင့် အောင်မြင့်မိုရ်ကုသရေးစင်တာကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစက်မှုတွေရှိလာတာကြောင့် ပြန်လည်ဖွင့်လှစ်ရတာဖြစ်တယ်လို့ သိရပါတယ်။

 

လတ်တလော အောင်မြင့်မိုရ်ကိုဗစ်စင်တာတွင် တက်ရောက်ကုသမှုခံယူနေသောလူနာများရဲ့ အခြေအနေနဲ့ပတ်သတ်ပြီး "နေ့စဉ်စင်တာရောက်လာသူတွေ တိုးတိုးလာနေတယ်။ ယနေ့အထိတော့ တစ်ယောက်မှ အောက်ဆီဂျင်မလိုသေးဘူး။ အများစုဟာ mild အပျော့စား ရောဂါလက္ခဏာတွေပဲရှိကြတယ်"လို့ စင်တာကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 

ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၂ ရက်ထိ အောင်မြင့်မိုရ်အိမ်ရာ ကိုဗစ်ကုသရေးစင်တာသို့ဆေးရုံတက်လူနာ ကျား( ၁၅၄)ဦး၊မ ၁၉၅ ဦး စုစုပေါင်း ၃၄၉ ဦးရှိကာ ဆေးရုံဆင်းခွင့်ရသူ ၉ ဦးဖြစ်တာကြောင့် စုစုပေါင်းလူနာ ၃၄၀ ဦးကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။

 

ယခုကာလတွင် ရန်ကုန်မြို့ အပါအဝင် မြို့ကြီးအချို့မှာ ကိုဗစ်အစုအပြုံလိုက်ဖြစ်ပွားမှုနဲ့ အိုမီခရွန်ရောဂါပိုး ကူးစက်တွေလည်းရှိနေတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ ကိုဗစ်စည်းကမ်းကို အထူးသတိပြုလိုက်နာကြဖို့နဲ့ ကာကွယ်ဆေးထိုးနှံကြဖို့ကိုလည်း ကျန်းမာ ရေးပညာရှင်များက တိုက်တွန်းထားပါတယ်။

 

ဒါ့အပြင် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမှကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာကြဖို့နဲ့ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

 

ကိုဗစ်လူနာအများအပြားနှင့် အိုမီခရွန်အတည်ပြုလူနာများကို ပြီးခဲ့သည့်ရက်ပိုင်းတွေ အတွင်းက တမူးမြို့နဲ့ ကလေးမြို့မှာ စတင်တွေ့ ရှိခဲ့တာဖြစ်ပြီး ပြည်တွင်းကူးစက်မှုတွေလည်း စတင်ရှိလာခဲ့သလို ရန်ကုန်မြို့ရှိ စက်ရုံတစ်ခုမှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူတွေကို အစုလိုက်အပြုံလိုက်တွေ့ ရှိခဲ့ပြီးနောက် ၎င်းတို့ထဲမှ ၁၀ ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာမှ အဆိုပါ ၁၀ ဦးလုံးတွင် အိုမီခရွန် ရောဂါပိုးကိုတွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရလည်း မြန်မာနိုင်ငံမှာ အိုမီခရွန်ရောဂါပိုးကို နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားအပါအဝင် စုစုပေါင်း ၃၄၈ ဦးထံမှာ တွေ့ ရှိထားတာပါ။

 

ဒါ့အပြင် ကိုဗစ်ရောဂါပိုးကို တိုင်းဒေသကြီး၊ ပြည်နယ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးကတော့ ပိုးတွေ့ မှုအများဆုံးဖြစ်နေပြီး ယခုလက်ရှိထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၄၅,၂၉၈ ဦးအထိ ရှိပြီးလည်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ရောဂါးပိုးတွေ့ ရှိမှု ရာခိုင်နှုန်းမှာလည်း မြှင့်တက်လာတာကို တွေ့ရပါတယ်။

 

ymg/hm
#Yangon_Media_Group