#LocalPolitics
Published- 12 Feb 2022
နိုင်ငံရေးသဘောထား ကွဲလွဲမှုများကို အင်အားသုံးဖြေရှင်းခြင်းကအခိုက်အတန့်အားဖြင့် အနိုင်အရှုံးရလဒ် ဖြစ်ပေါ်လေ့ရှိသော်လည်း၊ အမုန်းတရားအာဃာတများသည် ပဋိပက္ခဆက်လက်ကြီးထွားစေရန် လောင်စာများစုဆောင်းထားသကဲ့သို့ ဖြစ်ပေါ်စေတယ်လို့ ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်)ကထုတ်ပြန်လိုက်ပါတယ်။

ယနေ့ ကျရောက်တဲ့ ပြည်ထောင်စုနေ့ စိန်ရတုနဲ့ပတ်သတ်ပြီး ကြေညာချက်တစ်စောင်ကိုပြည်သူ့ပါတီကထုတ်ပြန်လိုက်တာဖြစ်ပြီး ပင်လုံစာချုပ် ၂၅ နှစ်ပြည့် ငွေရတုသဘင်သည် ၁၉၇၂ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်တွင်လည်းကောင်း၊ နှစ် ၅ဝ ပြည့် ရွှေရတုသဘင်သည် ၁၉၉၇ ခုနှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ လက်ထက် တွင်လည်းကောင်း၊ ယခု ၇၅ နှစ်ပြည့် စိန်ရတုသဘင်သည် ၂ဝ၂၂ ခုနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက် ထက်တွင်လည်းကောင်း ဖြတ်သန်းခဲ့ကြရပြီဖြစ်တယ်လို့ဖော်ပြထားပါတယ်။

ထိုအပြင် ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်သောတိုင်းရင်းသား တန်းတူညီမျှရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နှင့် အမျိုးသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် ဒီမိုကရေစီရေးတို့ကို မဖေါ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာ သော လက်နက်ကိုင်ပဋိပက္ခသည်လည်း စိန်ရတုနှင့်အမျှ ရှည်ကြာခဲ့ပြီဖြစ်တယ်လို့ဆက်လက်ဖော်ပြထားပါတယ်။

ထိုအပြင်ညီညွတ်ရေးကြောင့် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို တစ်စုတစ်စည်းတည်း ပြန်လည်ရရှိခဲ့သော်လည်းညီညွတ်ရေးပြိုကွဲခြင်းသည် ပြည်ထောင်စုပြိုကွဲခြင်း၊ အချုပ်အခြာအာဏာပြိုကွဲခြင်း အလုံးစုံပျက်သုဉ်းခြင်းသို့ ဦးတည်သွားစေနိုင်ကာ ညီညွတ်ရေးပြိုကွဲမှုကြောင့် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော ပြည်တွင်းစစ်နှင့် တပ်မတော်မှ နိုင်ငံရေးတွင် ပါဝင်စွက်ဖက်၍၊ အကြိမ်ကြိမ်အာဏာသိမ်းမှုတို့ ၏ အကျိုးဆက်အဖြစ် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ခြင်း၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျခြင်း၊ လူမှုရေးမညီမျှမှုဖြစ်ခြင်းများစသည့် အနိဋ္ဌါရုံများကိုပြည်သူတစ်ရပ်လုံး ခံစားခဲ့ကြရတယ်လို့ လည်းရေးသားထားပါတယ်။

ဆက်လက်၍တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းတည်ဆောက်ခဲ့ကြသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးအတွက်၊ နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံးဝိုင်းဝန်းကြိုးပမ်းကြပါရန် တိုက်တွန်းတယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ymg/hm
#Yangon_Media_Group