#Local_Culture
Published_ 11 Feb 2022

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့အား ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် မြောက်ဦးမြို့၏ ရေအသုံးချမှုစနစ်ကို အီတလီနိုင်ငံပညာရှင် Professor Massimo Sarti ဦးဆောင်သောအဖွဲ့ဟာ ဖေဖော်ဝါရီလ ၉ ရက်မှစတင်ကာ ၇ ရက်ကြာ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

မြောက်ဦးမြို့ရှိ လက်ဆည်ကန်၊ အနူမကန်၊ ကျောက်ရာဇ်ကေချောင်း၊ ငွေတောင် ပေါက်ချောင်း၊ တောင်ဖြူကျုံး၊ မင်းသမီးပေါင်း၊ ပန်းစျေးမြောင်းချောင်းနဲ့ မြောက်ဦးမြို့ရဲ့ရေလမ်းကြောင်းအခြေအနေများကို ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ လေ့လာကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

 

မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က တင်သွင်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုမှပညာရှင်များ လာရောက်ကွင်းဆင်းလေ့လာမယ်လို့ သိရပါတယ်။

 

မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင် ရခိုင်ဘုရင်အဆက်ဆက်ထီးနန်းစိုးစံအုပ်ချုပ်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းများမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ- ကိုသိန်းဝင်း

 

ymg-mnn
#Yangon_Media_Group