#LocalNews
Published- 9 Feb 2022

 

ထာဝရငြိမ်းချမ်းရေးအတွက် ရှေးရှုနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲနဲ့ စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို သက်ဆိုင်သူအားလုံး တက်ရောက်ကြနိုင်ကြပါရန် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)အသင်းက
သဘောထားထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကာမေတ္တာရပ်ခံလိုက်ပါတယ်။

 

အဆိုပါထုတ်ပြန်ချက်ကိုဖေဖော်ဝါရီလ ၉ ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ကာ ထုတ်ပြန်ရာတွင်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းဖော်ပြထားပါတယ်။

 

ဆက်လက်ပြီး ယခုလို စိန်ရတုပြည်ထောင်စုနေ့နှင့် ကြုံကြိုက်သည့် အခါသမယတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးတို့အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ အချိန်မှီ တက်ရောက်ကြပါရန်နှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက်ကျင်းပမည့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြပါရန် အထူးဖိတ်ကြားအပ်ပါကြောင်း နစက၏ထုတ်ပြန်ချက်ကို ပြန်လည်ဖော်ပြထားပါတယ်။

 

ဆက်လက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ရှေးရှုနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ သက်ဆိုင်သူအားလုံး တက်ရောက်ကြနိုင်ကြပါရန် တိုက်တွန်းနှိုးဆော် မေတ္တာရပ်ခံပါကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

ygm/hm
#Yangon_Media_Group