#LocalNews
Published -9 Feb 2022

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဆေးကုသမှုခံယူနေရာမှ ဘဝနတ်ထံပျံလွန်တော်မူခဲ့တဲ့ စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာဘိဝံသရဲ့ ဥတုဇရုပ်ကလာပ်တော်ဟာ ယနေ့ နေ့လည် ၁၁နာရီခွဲခန့်က လေကြောင်းမှာတဆင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ရောက်ရှိလာကာ သုဗောဓာရုံကျောင်းတိုက်ကို ပင့်ဆောင်လာပြီလို့ သိရပါတယ်။

 

မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ဖို့ မြန်မာအမျိုးသားလေကြောင်းပိုင် စင်းလုံးငှားလေယာဉ်ဖြင့် ဆရာတော်ရဲ့ တပည့်ရဟန်းသံဃာတော်များ၊ဒါယကာ၊ဒါယိကာမများက ပင့်ဆောင်လာပြီးဆရာတော်ရဲ့ ဥတုဇရုပ်ကလပ်တော်ကို မုံရွာမြို့သို့ တိုက်ရိုက်သယ်ဆောင်လာတာဖြစ်ပါတယ်။

 

ဆရာတော်ဟာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ Bumrungrad ဆေးရုံကြီးမှာ ရိုးတွင်းချဥ်ဆီအစားထိုးလဲလှယ်ကုသရန်နှင့်သွေးဖြူဥရောဂါတို့အတွက် ဆေးကုသမှုခံယူရင်း ယင်းဆေးရုံတွင် ဖေဖော်ဝါရီ ၇ ရက်နေ့ မြန်မာစံတော်ချိန်
ညနေ ၅ နာရီ ၄၉ မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

 

ဆရာတော်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော် ဦးတင်ရ၊မယ်တော် ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀ ပြည့်နှစ်၊သီတင်းကျွတ်လဆန်း(၈)ရက်၊တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပြီး ဘဝနတ်ထံပျံလွန်တော်မူစဉ်မှာ သက်တော်(၅၄)နှစ်၊သိက္ခာတော်(၃၄)ဝါ ရှိပြီဖြစ်ပါတယ်။

 

စစ်ကိုင်းတိပိဋကဆရာတော် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်မှာ အန္တိမအဂ္ဂိဈာပနပူဇော်မည်ဖြစ်တယ်လို့သိရပါတယ်။

ygm/hm
#Yangon_Media_Group