#LocalNews
Published - 3 Feb 2022

ထိုင်းနိုင်ငံအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP International (PTTEPI) က မုတ္တမကမ်းလွန်လုပ်ကွက် M-3 တွင် အောင်သင်္ခဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း နှင့် အကဲဖြတ်ရှာဖွေ တူးဖော်ခြင်းလုပ်ငန်းများ ထပ်မံဆောင်ရွက်မည်ဖြစ်၍ ကနဦးအနေဖြင့် EIA လေ့လာမှု ရေကြောင်းအခြေခံစစ်တမ်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိ ပြုလုပ်မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အစိုးရပိုင် ရေနံကုမ္ပဏီ PTTEP နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်နေသော မုတ္တမကမ်းလွန်လုပ်ကွက် M-9 နှင့် M-3 လုပ်ကွက်များတွင် ဘူမိဗေဒစစ်တမ်း ကောက်ယူခြင်းလုပ်ငန်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက် မှ မေလ ၂၅ ရက်အထိ ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများလုပ်ဆောင်နေစဉ်အတွင်းလုပ်ငန်းတည်နေရာများမှ ၄ ကီလိုမီတာ ပတ်လည်အတွင်း ရေကြောင်းသတိပေးချက်များကို လိုက်နာရန် ငါးလုပ်ငန်းဦးစီးဌာနမှအသိပေးထားခြင်း ဖြစ်ကြောင်း၊သင်္ဘောကြီးငယ်များ၊ ကုန်းတင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ် သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ရန် အသိပေးကြေညာထားကြောင်း သိရသည်။

မုတ္တမကမ်းလွန် ရေတိမ်ပိုင်းလုပ်ကွက်ကို PTTEP International (PTTEPI) နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့က အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ PTTEPI က ရှယ်ယာ ၈၀ ရာခိုင်နှုန်း၊ MOGE က ရှယ်ယာ ၂၀ ရာခိုင်နှုန်း ပါဝင်ထားကြောင်း သိရသည်။

 

ymg/mt
photo-PTTEP
#Yangon_Media_Group