#LocalNews
Published - 2 Feb 2022

လာမယ့် ဖေဖော်ဝါရီ ၅ ရက်နေ့မှစပြီး ၇ ရက်နေ့အတွင်း ရန်ကုန်အပါအဝင် နေပြည်တော်နဲ့ တခြားဒေသအချို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာလိုက်ပါတယ်။။

ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အချိန်အခါမဟုတ်မိုးရွားခြင်းနဲ့အတူ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ဖို့ အကြံပြုထားပါတယ်။

တိုင်းတွာချက်တွေအရ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးများ တွေ့ဆုံမှုတွေကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ လာနီညာဖြစ်စဉ်မှာ မတ်လအထိ ဖြစ်ပေါ်မယ်လို့ ကြေညာထားပြီး လာနီညာ အကျိုးသက်ရောက်မှုကြောင့် ဇန်နဝါရီ လအတွင်းမှာလည်း အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေ ပိုမိုဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နေရာအချို့မှာ မိုးရွာသွန်းမှုနဲ့အတူ မိုးသီးများ ကျရောက်ခဲ့တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ymg/ei
#Yangon_Media_Group