#LocalNews
Published - 29 Jan 2022

 

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့တွင် လုယက်မှုဖြစ်စဥ်တွေ မကြာခဏဆိုသလို ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။

 

အဆိုပါလုယက်မှုဖြစ်စဥ်တွေဟာ မန္တလေးမြို့မှာဖြစ်ပွားသကဲ့သို့ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဆိုင်ကယ်စီးလုယက်မှုတွေ အပါအဝင် ဓါးခုတ်၍ ပစ္စည်းလုယက်မှုဖြစ်စဥ်တွေကို ဒေသခံတွေအနေနဲ့ ယခုကာလမှာ ကြုံတွေ့နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် မုံရွာမြို့ ရှိ ကန်မရွာအနီးမှာ စုံတွဲနှစ်ဦးကို လုယက်ခဲ့သည့်ဖြစ်စဥ်တစ်ခု မကြာသေးမီရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့ပြီး ယင်းလုယက်မှုဖြစ်စဥ်ကြောင့်ပင် ၄င်းတိုစုံတွဲနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဒေသခံလူမှုကူညီရေးအဖွဲ့က မုံရွာဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည့်ဖြစ်စဥ်တစ်ခုလည်း ဖြစ်ပွားခဲ့တာပါ။

 

"ဒီနားမှာ လုယက်မှုတွေ ခဏခဏဖြစ်တယ်၊ အတော်လေးသတိထားရတယ်။ အခုက ကောင်လေးနဲ့ကောင်မလေးက သူတို့ရဲ့ ဆိုင်ကယ်တွေ ဖုန်းတွေ ပိုက်ဆံအိတ်တွေ အကုန်အလုခံလိုက်ရတယ်။ ဒါတောင်လုတဲ့သူတွေက ဓါးနဲ့ထိုးသတ်မယ်လို့တောင် ပြောတယ်။

 

သူတို့က မထိုးပါနဲ့ ပစ္စည်းတွေယူပါဆိုပြီး ပေးလိုက်တာတောင် လုယက်သူတွေက ကောင်လေးကို ဓါးနဲ့တစ်ချက်ထိုးသွားပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါဖြစ်ပြီး ကောင်မလေးက ကျွန်တော်တို့ခြံကို လာပြီး အကူအညီတောင်းတာနဲ့ ဒေသခံလူမှုကူညီရေးအဖွဲ့ (မုံရွာ)ကို ချိတ်ဆက်ပြီး အဲ့ဒီက လူနာတင်ယာဥ်နဲ့
သူတို့ကို ဆေးရုံပို့ဆောင်ပေးလိုက်တာပါ။"လို့ မုံရွာမြို့ ကန်မရွာအနီးမှာ နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါ လုယက်မှုဖြစ်စဥ်တွေဟာ မုံရွာမြို့၊ သာစည်အဝိုင်းအနီးမှာရှိတဲ့ ကန်မရွာအနီးရှိ ကားလမ်းမပေါ်မှာ
အများဆုံးဖြစ်ပွားနေတာဖြစ်ပြီး ယင်းနေရာဟာ လူသူသွားလာမှုပြတ်လပ်တဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။

 

"ကန်မရွာအနီးက လုယက်မှုဖြစ်စဥ်မှာဆိုရင် ကောင်လေးရတဲ့ ဒဏ်ရာကပြင်းပါတယ်။ ကောင်မလေးလည်း နည်းနည်းထိတယ်။ ကျွန်တော်တို့အဖွဲ့ကို ဓါးထိုးလုယက်ခံရတဲ့ လူနာရှိတယ်လို့ ဆက်သွယ်အကြောင်းကြားလာတာ ကြောင့် အဖွဲ့ချုပ်က လူနာတင်ယာဥ်နှစ်စီးနဲ့ ကျွန်တော်တို့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တာပါ။ ဒဏ်ရာရ လူနာနှစ်ဦးကိုလည်း မုံရွာမြို့ ဆေးရုံကြီးကို အချိန်မီပို့ဆောင်ပေးခဲ့ပါတယ်။"လို့ ဒေသခံလူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့ပါတယ်။

 

ဒါ့အပြင် ယခုကာလအတွင်းမှာ ရန်ကုန်၊ မန္တလေးမြို့တို့လို မြို့ကြီးတွေအပါအဝင် အခြားသောမြို့နယ်အချို့မှာ လုယက်မှုဖြစ်စဥ်တွေ မကြာခဏဆိုသလို ဖြစ်ပွားနေခြင်းကြောင့် ပြည်သူများအနေနဲ့ ပြင်ပသို့သွားလာရာတွင် အထူးဂရုပြုသတိထားသွားလာကြဖို့ကိုလည်း လူမှုကူညီရေးအဖွဲ့တွေက အသိပေးနှိုးဆော်ထားကြပါတယ်။

 

YMG/kg
#Yangon_Media_Group