Published 26 January 2022

ရာထူးမှဖြုတ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကို ဖျက်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတယ်လို့ ဂျပန်သတင်းဌာနတစ်ခုဖြစ်တဲ့ နစ်ကေးအေးရှားက ပြောပါတယ်။

“ လာမယ့် ၂၀၂၃ ဩဂုတ်လရွေးကောက်ပွဲအထိ အင်န်အယ်လ်ဒီကို ဖျက်သိမ်းဖို့ ကျွန်တော်တို့အစီအစဉ်မရှိပါဘူး” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက နစ်ကေးနှင့် မကြာသေးခင်က ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ရွေးကောက်ပွဲမှာဝင်ပြိုင်မလား မပြိုင်ဘူးလားဆိုတာကတော့ အင်န်အယ်လ်ဒီကပဲ ဆုံးဖြတ်ပါလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်အနေနှင့် အင်န်အယ်လ်ဒီ အမတ်တွေကို အလယ်အလတ်နှင့် တင်းမာတဲ့သဘောထားရှိတဲ့နှစ်ဖွဲ့အနေနှင့်မြင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရလို ပြည်ပရောက်အုပ်စုတွေနျင့်ချိတ်ဆက်နေတဲ့ အချိုးအစားဟာ လေးပုံတစ်ပုံခန့်ပဲရှိပါတယ်လို့ ဗိုလ်ချူပ်ဇော်မင်းထွန်းကပြောတဲ့အကြာင်း နစ်ကေးရဲ့ သတင်းမှာရေးသားထားပါတယ်။

“ကျန်တဲ့သူတွေကတော့ သူတို့ကိုယ်ပိုင်မူဝါဒတွေနှင့် ငြိမ်းချမ်းစွာ အလုပ်လုပ်ကိုင်နေကြပါတယ်” လို့ သူကပြောပါတယ်။

နစကအနေနှင့် အဲဒီအထဲက သဘောထားသင့်တင့်တဲ့ အမတ်တွေကို အာဆီယံကိုယ်စားလှယ်တွေနှင့် တွေ့ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ နစ်ကေးရဲ့ဖော်ပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်အထိ သူတို့ရဲ့ပါတီဝင် ၆၄၉ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အဲဒီထဲက ၁၄၆ ဦးပြန်လည်လွတ်မြောက်လာတယ်လို့အင်န်အယ်လ်ဒီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပါတီဝင် ၁၄ဦးသေဆုံးခဲ့ပြီး ကျန်တဲ့ ၄၈၉ဦးကိုဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ အင်န်အယ်လ်ဒီက ပြောပါတယ်။‌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု(၁၀)မှု ဆက်လက်စစ်ဆေးရန်ကျန်ရှိပြီး ယခုအထိ စစ်ဆေးပြီးအမှုတွေအားလုံးပေါင်းပြီး ထောင်ဒဏ်(၆)နှစ် ချမှတ်ခြင်းခံထားရတယ်လို့ နစ်ကေးရဲ့သတင်းမှာဖော်ပြထားပါတယ်။