#LocalNews
Published - 25 Jan 2022

 

ရခိုင်ပြည်နယ် တွင် AA အဖွဲ့ဝင်များအား ဘူးသီးတောင်နှင့် မြောက်ဦး၌ ရခိုင်ပြည်နယ်အစိုးရက ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၄ ရက်ကစ၍ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာရှိ အထက်တန်းကျောင်းတွင်လည်းကောင်း၊မြောက်ဦးမြို့နယ်၊ ဘူးရွက်မညှိးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပြီး ယနေ့ဇန်နဝါရီလ ၂၅ ရက်တွင်လည်း ဆက်လက်ထိုးနှံပေးနေကြောင်းနှင့် အရေအတွက် တိတိကျကျ မသိရသေးကြောင်း သိရသည်။

 

AA အဖွဲ့ဝင်များကိုထိုးပေးနေသည့် ကိုဗစ်ကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံထုတ် COVIDSHIELD အမျိုးအစားဖြစ်ကြောင်း၊ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့် ဦးစားပေးအုပ်စု ၁၆ ခုထဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)အုပ်စုကို ထိုးနှံပေးရန် ရှိနေပြီး ယင်းအုပ်စုတွင် ရခိုင်ပြည်နယ်မှ AA အဖွဲ့ဝင်များ ပါဝင်ကြောင်းသိရသည်။

 

ရခိုင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ ရှိနေသေးသောကြောင့် ရခိုင်ပြည်သူတွေအနေဖြင့် အခွင့်အရေးရ ကာကွယ်ဆေးအမြန်ဆုံးထိုးကြရန် AA က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၆ ရက်က ထုတ်ပြန်ခဲ့သေးသည်။

 

ymg/mt

ဓာတ်ပုံ-KhaingThazinMyint

#Yangon_Media_Group