#LocalNews
Published-24 Jan 2022

 

မြန်မာနိုင်ငံနေရာအနှံအပြားရှိ အကူအညီလိုအပ်သောသူများထံ ယခုထက်ပိုကာအထောက်အပံ့များ တိုးမြှင့်ပေးအပ်နိုင်ရေးဟာ၂၀၂၂ ခုနှစ်အတွက် WFP ရဲ့အဓိကဦးစားပေးလုပ်ငန်းတစ်ခုဖြစ်တယ်လိုh ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ပြန်လိုက်ပါတယ်။

 

မြန်မာနိုင်ငံရှိ ပဋိပက္ခနှင့် အကြမ်းဖက်မှုတွေကြောင့် ထိခိုက်ခံစားခဲ့ရသော မိသားစုများနဲ့ အကူအညီလိုအပ်သောသူများကို သွားရောက်ကူညီခွင့် စဥ်ဆက်မပြတ်ရရှိရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိရာ WFP အနေနဲ့ ချင်းပြည်နယ် မင်းတပ်မြို့ နှင့် ပလက်ဝမြို့နယ်၊ မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့၊ ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအချို့တို့ရှိ ပဋိပက္ခဖြစ်ပွားမှုများကြောင့် ထိခိုက်ခဲ့ရသောသူများနဲ့ အခြားထိခိုက်လွယ်သော မိသားစုများအား လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့များအား တိုက်ရိုက်ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

WFP အနေနဲ့ ဒီဇင်ဘာလနှောင်းပိုင်းတွင် မင်းတပ်မြို့ရှိ နေရပ်စွန့်ခွာခဲ့ရသူဦးရေ (၅၀၀) ကျော်အား နှစ်လစာ စားနပ်ရိက္ခာအထောက်အပံ့များ ပေးအပ်ခဲ့သလို့ မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့တွင် ခေတ္တပြောင်းရွှေ့နေထိုင်နေသော မင်းတပ်မှ နေရပ်စွန့်ခွာလာခဲ့ရသူဦးရေ (၉၀၀) ကျော်အား နှစ်လစာ ဆန်ရိက္ခာအထောက်အပံ့များ ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ချင်းပြည်နယ်တွင် WFP အနေနဲ့ ပလက်ဝမြို့ရှိ လူဦးရေ (၅,၄၀၀) နှင့် မီးဇာရွာရှိ လူဦးရေ (၉၀၀) တို့အားလည်း လစဉ်ငွေကြေးအထောက်အပံ့များကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလအစောပိုင်းတွင် ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် WFP အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာခဲ့ရသူ (၃,၀၀၀) ကျော်ကိုလည်း စားနပ်ရိက္ခာအထောက်အပံ့များ ကူညီပေးနိုင်ခဲ့သလို ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသရှိ ထိခိုက်လွယ်သူ လူဦးရေပေါင်း (၆,၈၀၀) ကျော်ကိုလည်း ဆန်ရိက္ခာ အထောက်အပံ့များ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

 

YMG/hm
#Yangon_Media_Group