#LocalNews
Published - 24 Jan 2022

 

တရားဝင်သစ်ထုတ်လုပ်ရေး ၁၀ နှစ်တာ ရပ်နားထားတဲ့ ပဲခူးရိုးမဧရိယာအတွင်း တရားမဝင် သစ်ခိုးထုတ်လုပ်မှုများရှိနေတယ်လို့ သစ်တောဦးစီးဌာနထံက သိရပါတယ်။

 

ယခုနှစ် ပဲခူးရိုးမဧရိယာအတွင်း ဇန်နဝါရီလ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိကို တစ်ပတ်တာကာလအတွင်း တရားမဝင် ကျွန်း၊ သစ်မာ၊ အခြားသစ် တန်ချိန်ပေါင်း ၁၃၈ ဒဿမ ၅,၂၀၈ တန်ဖမ်းဆီးရမိခဲ့ပါတယ်။

 

ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိကို တစ်ပတ်ကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာနဲ့ အခြားသစ် တန်ပေါင်း ၁၆၆ ဒဿမ ၂၃၇ တန် ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

ဒ့ါအပြင် နေပြည်တော်ကော်စီနယ်မြေနဲ့ တိုင်းဒေသကြီးပြည်နယ်တွေမှာ တရားမဝင်ဖမ်းဆီးရမိတဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ၁၆ ရက်နေ့အထိ တစ်ပတ်အတွင်း တန်ချိန်ပေါင်း ၄၂၄ ဒဿမ ၉,၃၀၄ တန်၊ တရားခံ ၃၆ ဦးနဲ့ ယာဉ် ၂၆ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

ကျွန်းမူရင်းဒေသတစ်ခုလည်းဖြစ်တဲ့ ပဲခူးရိုးမဟာ ၂၀၁၆ ခုနှစ်ကစတင်ပြီး သစ်ထုတ်လုပ်မှုကို ၁၀ နှစ်တာ ရပ်နားခဲ့ကာ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း ကျွန်းနဲ့ သစ်မာထုတ်လုပ်မှုကို နှစ်စဉ် တောထွက်ရဲ့ ၅၅ ရာခိုင်နှုန်းနဲ့ ၃၃ ရာခိုင်နှုန်းထိ အသီးသီးလျှော့ချထုတ်လုပ်ဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

 

ဝန်ကြီးဌာနအနေနဲ့လည်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တရားမဝင်သစ် ဖမ်းဆီးရမိမှုအများဆုံးအပေါ် ဆုပေးတာတွေ ပြုလုပ်ခဲ့ရာမှာတော့ ပဲခူးတိုင်းဒေသကြီးက ပထမ၊ စစ်ကိုင်းဒေသကြီးက ဒုတိယနဲ့ ရန်ကုန်တိုင်းဒေသကြီးက တတိယ ဆုရရှိခဲ့တယ်လို့ သိရပါတယ်။

photo- သစ်တောဦးစီးဌာန

YMG/ ei

#Yangon_Media_Group