#LocalNews
Published - 22 Jan 2022

 

ပြည်တွင်းဖုန်းအော်ပရေတာများဖြစ်သည့် MPT၊ တယ်လီနောနှင့် အော်ရီဒူးတို့က အင်တာနက်ပက်ကေ့ချ်ဈေးနှုန်များကို ဒီကနေ့(ဇန်နဝါရီ ၂၂)ရက်မှ စတင်၍ပြောင်းလဲသတ်မှတ်လိုက်ပြီး စျေးနှုန်းများ ထပ်မံတိုးမြှင့်လာခဲ့တယ်လို့ မိုဘိုင်းဖုန်းသုံးစွဲသူများထံမှ သိရပါတယ်။

 

ပြည်တွင်းဖုန်းအော်ပရေတာများက အင်တာနက်ပက်ကေ့ချ်ဈေးနှုန်များကို ပြောင်းလဲသတ်မှတ်လိုက်သည့် ဒီကနေ့မှာ မိုဘိုင်းအင်တာနက်ဈေးနှုန်းတွေဟာ ယခင်ကထက် ပိုမိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

 

ထိုကဲ့သို့ မိုဘိုင်းအင်တာနက် ဒေတာပက်ကေ့ချ်စျေးနှုန်းများကို ပြောင်းလဲသတ်မှတ်ရတာဟာ မကြာခင်ကထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပြင်ဆင်ချက်(ကုန်သွယ်လုပ်ငန်းခွန်)ကြောင့်ဖြစ်တယ်လို့ ဖုန်းအော်ပ ရေတာကုမ္ပဏီများက သုံးစွဲသူများထံပေးပို့ခဲ့တဲ့ SMS အကြောင်းကြားစာများတွင် ဖော်ပြထားပါတယ်။

 

ယခင်က တယ်လီနော(မြန်မာ)က ၄၂၀ MB ကို ၇၉၉ ကျပ်သာ ကောက်ခံခဲ့ရာမှ ယခုအခါတွင် ၃၅၀ MB ကို ၇၉၉ ကျပ်သို့လည်းကောင်း၊ ယခင်က ၉၉၉ ကျပ်ဖြင့် ဝယ်ယူနိုင်သော ၅၂၅ MB ကို ယခုအခါတွင် ၄၈၀ MB သို့လည်း ကောင်း၊ ယခင်က ၈၄၅ MB ကို ၁,၅၉၉ ကျပ်သာ ကောက်ခံခဲ့သော်လည်း ယခုအခါတွင် ၇၇၀ MB သို့လည်းကောင်း ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

 

အလားတူ အော်ရီဒူးဖုန်းအော်ပရေတာက ယခင်က ၄၅၀ MB ကို ၈၉၉ ကျပ်သာ ကောက်ခံခဲ့ရာမှ ယခုအခါတွင် ၃၅၀ MB ကို ၇၉၉ ကျပ်သို့လည်းကောင်း၊ ယခင် ၅၀၀ MB ကို ၉၉၉ ကျပ်ဖြင့်ဝယ်ယူနိုင်သော်လည်း ယခုအခါတွင် ၄၅၀ MB ကို ၉၉၉ ကျပ်သို့လည်းကောင်း၊ ယခင်က ၁.၅ GB ကို ၂,၉၉၉ ကျပ်သာကောက်ခံခဲ့သော်လည်း ယခုအခါတွင် ၁,၃၅၀ MB ကို ၂,၈၉၉ ကျပ်သို့လည်းကောင်း ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။

 

ထို့အတူ မြန်မာ့ဆက်သွယ်ရေး(MPT)က ယခင်က ၂၈၀ MB ကို ၆၉၉ ကျပ်မှ ယခုအခါတွင် ၂၅၀ MB သို့လည်း ကောင်း၊ ယခင်က ၃၈၀ MB ကို ၇၉၉ ကျပ်သာ ကောက်ခံခဲ့သော်လည်း ယခုအခါတွင် ၃၅၀ MB သို့လည်းကောင်း၊ ယခင်က ၉၇၉ ကျပ်နှင့် ၉၉၉ ကျပ်ဖြင့်သာ ဝယ်ယူနိုင်သော ၅၁၅ MB ကို ယခုအခါတွင် ၄၇၀ MB သို့လည်းကောင်း၊ ယခင်က ၆၇၅ MB ကို ၁,၂၇၉ ကျပ်နှင့် ၁,၂၉၉ ကျပ်ဖြင့် ဝယ်ယူနိုင်သော်လည်း ယခုအခါတွင် ၆၁၅ MB သို့လည်း ကောင်း ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။

 

ဒေတာဝန်ဆောင်မှုနှုန်းထားများအပေါ်မှာသာ ယခုလို စျေးနှုန်းပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပြီး Voice နှင့် SMS များမှာမူ ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်းသာ အသုံးပြုနိုင်မယ်လို့လည်း ဖုန်းအော်ပရေတာများက သုံးစွဲသူများထံ ပေးပို့သည့် SMS စာတိုများအရ သိရပါတယ်။

Photo - Internet

YMG/kg
#Yangon_Media_Group