#LocalNews
Published-22 Jan 2022

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီတို့နှစ်ဦးကို ဇန်နဝါရီ ၂၁ ရက်မှာ စစ်ခုံရုံးတွေက သေဒဏ်အသီးသီးချမှတ်ခဲ့ပါတယ်။
သူတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည) တို့အရ သေဒဏ်ချမှတ်ခဲ့တဲ့အကြောင်းကို နစကရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

 

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း စစ်ခုံရုံးတွေကနေ ပြစ်ဒဏ်ချမှတ်ခံကြရသူများထဲတွင် ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီတို့မှာ လူသိထင်ရှားမှုအရှိဆုံးသူ နှစ်ဦးဖြစ်ပါတယ်။

 

ဦးဖြိုးယျာသော်ဟာ သူပိုင်ဆိုင်တဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ အမှတ်(၆၇)၊သုခိတာလမ်း၊သုဝဏ္ဏနေအိမ်နှင့် ပြည်သာယာလမ်းသွယ်(၄) နေအိမ်တို့မှာ လက်နက်မျိုးစုံနှင့် ခဲယမ်းမီးကျောက်တွေကို သိမ်းဆည်းထားပေးခဲ့ခြင်းနှင့် ရန်ကုန်မြို့အတွင်း ဖောက်ခွဲမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုတွေမှာ လှုံ့ဆော်ခြင်း၊ စီစဉ်ညွှန်ကြားခြင်းနှင့် ကြံရာပါအဖြစ်ပါဝင်ခဲ့လို့ အကြမ်းဖက်မှုဥပဒေအရ ယခုလိုပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

ဦးဂျင်မီဟာ ဒဂုံမြို့သစ်(မြောက်ကိုင်း) မြနှင်းဆီလမ်းက ပင်လုံအိမ်ရာရှိ နေအိမ်တစ်ခုမှာ လက်နက်နှင့်ခဲယမ်းမီးကျောက်တွေကို ထောက်ပံ့မှုပြုလုပ်ဖို့ သှိဝှက်သိမ်းဆည်းခြင်း၊ နွေဦးကံ့ကော်အဖွဲ့ကို လက်နက်ဝယ်ဖို့ ငွေကြေးလွှဲပြောင်းထောက်ပံ့ပေးခြင်းနှင့် အခြားအကြမ်းဖက်လုပ်ငန်းကိစ္စတွေ ဆောင်ရွက်ဖို့အတွက် ငွေကြေးထောက်ပံ့မှုတွေ ဆောင်ရွက်ခဲ့တာကြောင့် ယခုလိုပြစ်ဒဏ်ချမှတ်ခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

ဦးဂျင်မီလို အများသိကြတဲ့ ဦးကျော်မင်းယုဟာ ၂၀၂၁ခုနှစ် အောက်တိုဘာ (၂၄)ရက်က ဒဂုံမြို့သစ်(မြောက်)၊ပင်လုံအိမ်ရာရှိ နေအိမ်တစ်အိမ်မှာလည်းကောင်း၊ဦးဖြိုးဇေယျာသော်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၁၈)ရက်နေ့မှာ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ရာမှာလည်းကောင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

YMG/hm
#Yangon_Media_Group