#LocalNews
Published - 21 Jan 2022

 

ရန်ကုန်တိုင်းအတွင်းရှိ ရွှေပြည်သာမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့အပါအဝင် ရွှေပြည်သာစက်မှုဇုန်နှင့် ဝါးတရာစက်မှုဇုန်တို့တွင် အချိန်ပိုင်းလျှပ်စစ်ဓါတ်အား ယာယီပြတ်တောက်မှုဖြစ်ပေါ်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက (ဒီကနေ့ ဇန်နဝါရီ ၂၁)ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ယင်းကဲ့သို့ အချိန်ပိုင်းယာယီလျှပ်စစ်ဓါတ်အားပြတ်တောက်မှုဖြစ်ပေါ်ရတာဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၃၀ ကေဗွီ ဝါးတရာ(ရွာမ-လှိုင်သာယာ) ဓာတ်အားလိုင်းစီမံကိန်း ကြိုးဆွဲခြင်းလုပ်ငန်းများကို လျှပ်စစ်ဓာတ်အားပိုလွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ မြောင်းတကာ-ဝါးတရာဓာတ်အားလိုင်းကို ဖြတ်ကျော်တည်ဆောက်ရမှာကြောင့်ဖြစ်တယ်လို့ YESC က ဆိုပါတယ်။

 

အဆိုပါ ၂၃၀ ကေဗွီ မြောင်းတကာ-ဝါးတရာ ဓာတ်အားလိုင်းအား(၂၉.၁.၂၀၂၂) ရက်နေ့တွင် (၀၆:၀၀)နာရီမှ (၁၈:၀၀)နာရီ အထိလည်းကောင်း၊(၃၀.၁.၂၀၂၂)ရက်နေ့တွင် (၀၆:၀၀)နာရီမှ (၁၈:၀၀)နာရီ အထိလည်းကောင်း၊နှင့်(၃၁.၁.၂၀၂၂) ရက်နေ့တွင်(၀၆:၀၀)နာရီ မှ (၁၈:၀၀)နာရီ အထိလည်းကောင်း ယာယီဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

ထိုသို့ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပြည်သာစက်မှုဇုန်(၂/၃/၄)၊
ဝါးတရာစက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်တစ်မြို့နယ်လုံးနှင့် မှော်ဘီမြို့နယ်ရှိ နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်ကြေညာထားပါတယ်။

 

Photo - YESC

YMG/kg
#Yangon_Media_Group