#LocalNews

Published - 21 Jan 2022

 

မိုဘိုင်းအင်တာနက် ဒေတာပက်ကေ့ချ်စျေးနှုန်းများကို ထပ်မံပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း ပြည်တွင်းရှိ ဖုန်းအော်ပရေတာများက အခုရက်ပိုင်းအတွင်းမှာ သုံးစွဲသူများထံသို့ SMS စာတိုပေးပို့၍ အကြောင်းကြားလျက်ရှိပါတယ်။

 

ထိုကဲ့သို့ မိုဘိုင်းအင်တာနက်ဒေတာပက်ကေ့ချ်စျေးနှုန်းများကို ပြောင်းလဲရတာဟာ မကြာခင်ကထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပြင်ဆင်ချက်(ကုန်သွယ်လုပ်ငန်းခွန်) ကြောင့်ဖြစ်တယ်လို့ ဖုန်းအော်ပရေတာကုမ္ပဏီများက ၄င်းတို့ပေးပိုသည့် SMS အကြောင်းကြားစာမှာ ရေးသားဖော်ပြထားပါတယ်။

ယခု ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းက ဖုန်း (Sim Card)တစ်ကတ်လျှင် အခွန်နှစ်သောင်းနှင့် အင်တာနက်
ဝန်ဆောင်မှုလုပ်ငန်းရငွေအပေါ် အခွန်(၁၅)ရာခိုင်နှုန်း တိုးမြှင့်ကောက်မည်ဖြစ်ကြောင်း နစက က ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်းမှာ ပြည်တွင်းရှိ ဖုန်းအော်ပရေတာများက ယခုလို မိုဘိုင်းအင်တာနက်ဒေတာပက်ကေ့ချ် စျေးနှုန်းများကို ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း သုံးစွဲသူများထံ SMS စာတိုတွေ ပေးပို့ခဲ့တာဖြစ်ပါတယ်။

 

"ဖုန်းအင်တာနက်စျေးနှုန်းတွေက ထပ်တက်ဖို့ ရှိတယ်ထင်တယ်။ အခုတော့ အော်ပရေတာတွေက SMS တွေပို့နေတယ်။ အခုတောင် အင်တာနက်ကိုစျေးကြီးပေးပြီးဝယ်သုံးနေရတာ ထပ်ပြီးတော့ စျေးနှုန်းတွေထပ်တက်မယ်ဆိုရင် တော့ နောက်ပိုင်းမှာ အင်တာနက်သုံးဖို့တောင် အခက်အခဲရှိလာနိုင်ပါတယ်။ စျေးမြင့်တော့ တော်ရုံလူကဝယ်မသုံးနိုင်ကြတော့ဘူး လေ။ ကျွန်တော်ထင်ပါတယ် ပိုက်ဆံရှိတဲ့သူလောက်ပဲ အင်တာနက်ဝယ်သုံးနိုင်မယ့် အနေအထားဖြစ်သွားပါလိမ့်မယ်။"လို့ မိုဘိုင်းအင်တာနက် အသုံးပြုသူတစ်ဦးက ၄င်း၏အမြင်ကို အခုလိုပြောပြခဲ့ပါတယ်။

 

ဒါ့အပြင် မကြာမီရက်ပိုင်းအတွင်းက မြန်မာနက်အပါအဝင် ပြည်တွင်းမှာရှိတဲ့ အင်တာနက်ကုမ္ပဏီအချို့က ၄င်းတို့ဝန် ဆောင်မှုပေးနေတဲ့ အင်တာနက်ဝန်ဆောင်မှုဈေးနှုန်းများကိုလည်း စတင်ပြောင်းလဲသတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

 

မြန်မာနက်က ပြောင်းလဲသတ်မှတ်လိုက်တဲ့ အင်တာနက်ဈေးနှုန်းမှာ အနည်းဆုံး ကျပ် ၁,၀၀၀ မှ အများဆုံး
ကျပ် ၆,၀၀၀ အထိ တိုးမြှင့် ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပြီး ယခုကဲ့သို့ ပြောင်းလဲရတာဟာ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ပြောင်းလဲရတာဖြစ်တယ်လို့ မြန်မာနက်က ထုတ်ပြန်ကြေညာထားခဲ့တာပါ။

 

ဖုန်းအော်ပရေတာများက သုံးစွဲသူများထံပေးပို့သည့် SMS စာတိုများအရ ဒေတာဝန်ဆောင်မှုနှုန်းထားများအပေါ်တွင် ပြောင်းလဲမှုများရှိမည်ဖြစ်ပြီး Voice နှင့် SMS များမှာ ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်းသာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မိုဘိုင်းအင်တာနက်ဒေတာပက်ကေ့ချ်စျေးနှုန်းများကို ပြောင်းလဲမသတ်မှတ်မီအချိန်အထိ မူလဝယ်ယူထား သော ပက်ကေ့ချ်နှုန်းထား သတ်မှတ်ချက်များအတိုင်းသာ အသုံးပြုနိုင်မယ်လို့လည်း ဖုန်းအော်ပရေတာတွေက ဆိုပါတယ်။

 

ယခုလက်ရှိအချိန်အထိ ဖုန်းအော်ပရေတာများက သုံးစွဲသူများထံ SMS စာတိုများ ပေးပို့လျက်ရှိပြီး မည်သည့်ရက်မှစတင်ကာ စျေးနှုန်းများစတင်ပြောင်းလဲသွားမည်နှင့် အင်တာနက်ပက်ကေ့ချ်နှုန်းထားများကိုလည်း မည်မျှအထိ ပြောင်းလဲ သတ်မှတ်သွားမည်ဆိုတာကိုတော့ ဖုန်းအော်ပရေတာတွေက တရားဝင်ထုတ်ပြန်ကြေညာထားခြင်းမျိုး မရှိ သေးပါဘူး။

YMG/kg
#Yangon_Media_Group