#LocalNews
+
Published-8Jan2022

 

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် မဟာရတ်မြို့နယ်အတွင်း အလုပ်သမားများတင်ဆောင်လာသော မော်တော်ယာဉ်တိမ်းမှောက်မှုတွင်ပါဝင်သည့် မြန်မာနိုင်ငံသား ၁၅ ဦးကို ထိုင်းလဝက အစောင့်အရှောက်ဖြင့် ပို့ဆောင်ခဲ့ပြီး အပြန်ခရီးလမ်းစရိတ်နှင့် အစားအသောက်များ ပံ့ပိုး စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

 

ယာဥ်တိမ်းမှောက်မှုမှ သေဆုံးသူ ၃ ဦး သင်္ဂြိုဟ်နိုင်ရေး အလုပ်သမားသံအရာရှိရုံး၊ ဗန်ကောက်က သင်္ဂြိုလ်ခွင့်ပြုပေးရေး သေဆုံးသူများရဲ့ ရပ်ကွက်/ကျေးရွာတို့မှ ရပ်ကွက်ထောက်ခံစာ လိုအပ်ကာ ၃ ဦးအတွက် လျော်ကြေးရရှိနိုင်ရန် စာရွက်စာတမ်းအထောက်အထားများ လိုအပ်တာကြောင့် မြန်မာဖုန်း 09 - 425 275 644 နှင့် 09 - 448 448 495 သို့ Viber အသုံးပြုဆက်သွယ်ပေးရန် အလုပ်သမားသံအရာရှိရုံးက မေတ္တာရပ်ခံထားပါတယ် ။

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၇ နာရီတွင် ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် မဟာရတ်မြို့နယ်အတွင်း အလုပ်သမားများ တင်ဆောင်လာသည့် မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဥ်ပေါ်ပါလာသူမြန်မာနိုင်ငံသား ၁၈ ဦးအနက် ၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

 

အဆိုပါ မြန်မာနိုင်ငံသားတွေဟာ မြဝတီနယ်စပ်မှ တစ်ဆင့် ကုန်းကြောင်း၊ ရေကြောင်းတို့မှ ခြေလျင်တစ်ဆင့် ကားတစ်ဆင့် လှေတစ်ဆင့်ဖြင့် ရောက်ရှိလာသော တရားမဝင်ရွှေ့ပြောင်းလာသူများဖြစ်ပြီး ပွဲစားအဆင့်ဆင့်ဖြင့် နယ်စုံမှ လာရောက်သူများဖြစ်ကာ သေဆုံးသူ ၃ ဦးအနက် တစ်ဦးအား မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်မရသေးကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိက မသင်္ကာ၍ ကားအား တားသည်မှ အရှိန်မြှင့်တင်မောင်းနှင်ထွက်ပြေးကာ တိမ်းမှောက်ခြင်းဖြစ်ပြီးယာဉ်မောင်းအား ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

 

YMG/hm

#Yagon_Media_Group