#LocalNews

Published -8 Jan 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ဆိုင်ကယ်စီးနင်းလာသော လူငယ် ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

 

ဇန်နဝါရီလ ၇ ရက်နေ့ ၁၁ နာရီ၃၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ သာကေတမြို့နယ်၊ (၃)ရန်ပြေရပ်ကွက်၊ ရန်အောင်လမ်းပေါ်တွင် မင်းနန္ဒာလမ်းဘက်မှ ရန်အောင်လမ်းမဘက်သို့ မိုးထက်နိုင်(ခ)မိုးလေး မောင်းနှင်ပြီး စိုးလင်းဖြိုး(ခ)ကိုဖြိုး လိုက်ပါလာသော Auto ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မိုးထက်နိုင်(ခ)မိုးလေး ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၉၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၉.၈၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

 

မိုးထက်နိုင်(ခ)မိုးလေး(၂၂)နှစ် နှင့် စိုးလင်းဖြိုး(ခ)ကိုဖြိုး(၁၆)နှစ် တို့အား သာကေတမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

YMG/hm

#Yangon_Media_Group