#LocalNews

Published - 8 Jan 2022

 

ကလေးငယ်တစ်ဦးရက်စက်စွာခေါင်းတခြား ကိုယ်တခြားဖြစ်သည်အထိ ဓါးဖြင့်ခုတ်သတ်ခံရမှု မုံရွာမြို့မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါဖြစ်စဥ်ဟာ ဇန်နဝါရီ ၆ ရက်နေ့(ညပိုင်း)အချိန်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်ဟာ နွားသွားကျောင်းရင်း နေအိမ်သို့ ပြန်မရောက်လာရာမှ မိဘဖြစ်သူများက လိုက်ရှာရင်း ယခုလို ပုံစံမျိုးဖြင့် မုံရွာမြို့၊ ရွှေဇလုပ်ရပ်ကွက်၊ မြို့ပတ်လမ်း၊ အရှေ့ဘက် တောင်မကန်(အရှေ့ထိပ်)တွင် သေဆုံးလျက်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

"မြေးအဘိုးနှစ်ယောက် နွားကျောင်းသွားရင်းနဲ့ အဘိုးဖြစ်သူက ပြန်သွားတယ်။ သူရဲ့ မြေးကကျန်ခဲ့ပြီး နွားဆက်ကျောင်းတယ်။ အိမ်ပြန်ချိန် ညနေပိုင်းရောက်တဲ့အထိ ကလေးက အိမ်ပြန်ရောက်မလာလို့လိုက်ရှာတော့ အခုလိုပုံစံမျိုးနဲ့ ပြန်ရှာတွေ့ခဲ့တာပါ။
ကျွန်တော်တို့ သတင်းရတဲ့အချိန်မှာ ည ၇ နာရီလောက်ရှိနေပြီ။ ဘယ်သူလုပ်သွားတယ် ဘယ်သူခုတ်သွားတယ်ဆိုတော့ မသိရသေးပါဘူး။ ကလေး အလောင်းကို မုံရွာမြို့ပြင်မှာ ပြန်တွေ့ခဲ့တာပါ၊ယာခင်းတွေရှိတဲ့ဘက် တောစပ်ကျတဲ့နေရာပေါ့။"လို့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် ဒေသခံ ကရုဏာမြင့်မိုရ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

လက်ရှိအချိန်အထိတော့ မည်သည့်အတွက်ကြောင့် အခုလို ကလေးငယ်အား ရက်ရက်စက်စက် ခုတ်သတ်သွားသည်ကို မသိရသေးပါဘူး။

 

အဆိုပါကလေး၏ စျာပနအခမ်းအနားကိုလည်း ယမန်နေ့ ဇန်နဝါရီ ၇ ရက် မုံရွာမြို့မှာပင်ပြုလုပ်ခဲ့ပြီး နာရေးကိစ္စများကိုလည်း ၄င်းတို့အသင်းကသာ ဆောင်ရွက်ပေးခဲ့ကြောင်း ကရုဏာမြင့်မိုရ်အသင်းက ရန်ကုန်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။

 

YMG/kg

#Yangon_Media_Group