#Local_News
Published - 6 Jan 2022

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက် မြို့မဈေးအရှေ့ရှိ ကမ္ဘာ့ရတနာဘဏ်ကို ဒီကနေ့ ဇန်နဝါရီ ၆ ရက်မှာ လက်နက်ကိုင် ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့က ဓားပြ ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံများ၏  ပြောပြချက်အရ ယနေ့ မနက် ၁၁ နာရီလောက်မှာ ကမ္ဘာ့ရတနာဘဏ်အတွင်းကို အမည်မသိ လက်နက်ကိုင်သုံးဦးက ဝင်ရောက်လာပြီး ဘဏ်ဝန်ထမ်းတွေကိုသေနတ်ပြခြိမ်းခြောက်ကာ ငွေယူဆောင်ပြီး ဟွန်ဒါဖစ်ခဲရောင်ကားတစ်စီးနဲ့ ဝီယော်ကျေးရွာဘက်ကို မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

"ဟုတ်ပါတယ်ဗျာ့ ဖြစ်စဉ်က ဒါပေမဲ့ ဖြစ်တာက သထုံမြို့မှာ မဟုတ်ပါဘူး။ သုဝဏ္ဏဝတီမြို့ (ကျိုက္ကော်)မှာရှိတဲ့ ဘဏ်ကို ဓါးပြဝင်တိုက်တာပါ။ ကျနော်တို့လည်း သတင်းကြားရပါတယ်။ သထုံမြို့ ပေါ်မှာ ရှိတဲ့ဘဏ်မဟုတ်ပါဘူး။ သူက သထုံမြို့နဲ့ဆိုရင် ၁၀ မိုင်၊ ၁၁ မိုင် လောက်  ဝေးတဲ့မြို့ပါ။  နောက်အဲ့မြို့မှာဘဲ ပစ်ခတ်မှုအချို့ ဖြစ်တယ်လို့လည်း ကြားပါတယ်။ သထုံမြို့  ပေါ်မှာတော့  အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်ရှိပါတယ်။" လို့ သထုံမြို့ ဒေသခံတစ်ဦးက ရန်ကုန်တိုင်းမ်ကို  ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ဓားပြတိုက်သူ အဖွဲ့ တွေ ဝီယော်ကျေးရွာဘက်ကို ကားဖြင့်မောင်းနှင်ထွက်ပြေးစဉ် နယ်မြေခံ တပ်မတော် လုံခြုံရေးတပ်ဖွဲ့  တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယနေ့ သုဝဏ္ဏဝတီမြို့ မှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရမှုမှာ ငွေကျပ်မည်မျှပါသွားသည်ကိုတော့ ယခုအချိန်အထိ မသိရသေးပါဘူး။

လက်ရှိမှာတပ်မတော်လုံခြုံ ရေးစစ်ကြောင်းတွေက ကမ္ဘာ့ရတနာဘဏ်ကို ဓားပြတိုက်ပြီး ထွက်ပြေးသွားသူတွေ နောက်လိုက်လံကာ ရှာဖွေဖမ်းဆီးနေတယ်လို့လည်း သတင်းရရှိပါတယ်။

Photo - Internet

ymg/kg
#Yangon_Media_Group