#LocalNews

Published 6 January 2022

 

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို နိုင်ငံကူးလက်မှတ်များပြုလုပ်ပေးမယ်လို့ လူမှုကွန်ယက်ပေါ်တွင် မြန်မာသံရုံးတာဝန်ခံဟူသောအမည်ဖြင့်လိုက်လံလိမ်လည်နေသူရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားပါတယ်။

 

သံရုံးအသိပေးထုတ်ပြန်ရာတွင် အဆိုပါ မလေးရှားသံရုံးတာဝန်ခံ ကိုမြင့်အောင်အမည်ဖြင့် အသုံးပြုနေသောအကောင့်ပိုင်ရှင်မှာ မြန်မာသံရုံးတာဝန်ခံမဟုတ်ကြောင်း ၎င်းမှာ လူမှုကွန်ယက်မှတဆင့် နိုင်ငံကူးလက်မှတ်များပြုလုပ်ပေးမယ်လို့ ကြေညာထားတာကြောင့် အဆိုပါပုဂ္ဂိုလ်ကို စုံစမ်းအရေးယူသွားမှာဖြစ်ပြီး ထိုသူနဲ့ပတ်သတ်တဲ့ကိစ္စအဝဝကို သံရုံးအနေနဲ့ တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

 

ပြည်ပနိုင်ငံများတွင်အလုပ်အကိုင်များရရှိမည်ဟုအကြောင်းပြကာ လိမ်လည်နေသူများနဲ့ တရားမဝင်လူစုဆောင်းနေတာတွေကို သတိပြုရန်ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF ကထုတ်ပြန်ထားပါတယ်။

 

ယခုအခါ ပြင်ပနှင့်လူမှုကွန်ယက်ပေါ်မှ လိမ်လည်ခေါ်ယူနေသည့် အလုပ်အင်တာဗျူးများ ဂုဏ်သိက္ခာရှိစက်ရုံ/လုပ်ငန်းအမည်များဖော်ပြ၍ တရားမဝင်လူစုဆောင်းနေသူများအား သတိပြုရှောင်ရှားကြပါရန်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ပေးထားသည့် ထိုင်းအလုပ်ကမ်းလှမ်းစာ(Demand Letter) လုံးဝမရှိသေးဘူးလို့ သိရပါတယ်။

 

ဒါ့အပြင် မလေးရှားနိုင်ငံသို့ မြန်မာလုပ်သားသစ်များ ဝင်ရောက်ခွင့်မပြုသေးဘဲ ကိုဗစ်စည်းကမ်းကန့်သတ်ချက်များဖြင့် ဘဂ်လားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံသား စိုက်ပျိုးရေးလုပ်သားများအား ကနဦးဝင်ခွင့်ပြုထားပြီး မြန်မာလုပ်သားသစ်များ တရားဝင်စေလွှတ်ခွင့်ရမယ့်ရက်နဲ့ စေလွှတ်ရေးလုပ်ငန်းစဥ်အသေးစိတ်အား အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားချက်များရရှိခဲ့ပါက အချိန်နှင့်တပြေးညီထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။

 

လတ်တလောတွင် စင်္ကာပူနိုင်ငံက တရားဝင်ပြည်ပအလုပ်အကိုင်အေဂျင်စီများမှ တင်ပြလာတဲ့ စင်္ကာပူနိုင်ငံ၏ အလုပ်ကမ်းလှမ်းစာ( Demand Letter)များအား အလုပ်သမားဝန်ကြီးဌာနမှ စိစစ်၍ ခွင့်ပြုပေးလျှက်ရှိပြီး လက်ခံနိုင်ငံ၏ ကိုဗစ်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရန် အလုပ်ရှင်နှင့်အေဂျင်စီများမှ စီမံဆောင်ရွက်ပေးရမယ်လို့ MOEAF ကထုတ်ပြန်ထားပါတယ်။

 

YMG/HM

 

ဓါတ်ပုံ/မြန်မာသံရုံး

#Yangon_Media_Group