Published 20 July 2021

ကိုဗစ်-၁၉ကူးစက်မြန်ရောဂါကို ကုသပေးရာမှာ အထိရောက်ဆုံးဆေးဝါးတွေထဲက တစ်မျိုးဖြစ်တဲ့ Remdesivir ဆေး အလုံးပေါင်းသုံးသောင်းဟာ မြန်မာနိုင်ငံကို ယနေ့ညပိုင်းမှာ တပ်မတော်လေယာဉ်ဖြင့်ရောက်ရှိလာပါတယ်။ 

အဲဒီ Remdesivir ဆေးအလုံးသုံးသောင်းကို National Strategic Investment Corporation Co.Ltd (NSIC) ကုမ္ပဏီက မြန်မာပြည်သူများအတွက် နစက ကတစ်ဆင့် လှုဒါန်းခဲ့ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ အဲဒီဆေးလုံးသုံးသောင်းကို အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေပြည်တော်တပ်မတော်လေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့်ရောက်ရှိလာတာဖြစ်ပါတယ်။

အဲဒီဆေးလုံးသုံးသောင်းရဲ့တန်ဖိုးဟာ မြန်မာကျပ်ငွေ၃ ဘီလျံခန့် ရှိပြီး NSIC ရဲ့ အထွေထွေမန်နေဂျာက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကိုလေဆိပ်မှာလွှဲပြောင်းပေးခဲ့ပါ့တယ်။ အဲဒီ Remdesivir ဆေးဝါးဟာ ကူးစက်မြန်ကိုဗစ်-၁၉ ရောဂါကို ကုသရာတွင် အထိရောက်ဆုံးနှင့်လူသေဆုံးမှုနှုန်း ကို အလျှော့ချနိုင်ဆုံးဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ Gileat Science, Inc ကထုတ်လုပ်တဲ့အဲဒီဆေးဟာ အမေရိကန်နှင့်ဥရောပနိုင်ငံများတွင် အက်ဖ်ဒီအေ ထောက်ခံချက်ရရှိထားပြီး ကိုဗစ်-၁၉ကုသရာတွင်အသုံးပြုလျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီဆေးဝါးကို အိန္ဒိယနိုင်ငံ Hetero Labs Limited က ထုတ်လုပ်မှုလိုင်စင်ဝယ်ယူပြီး အိန္ဒိယမှာထုတ်လုပ်နေတာလည်း ဖြစ်တယ်လို့သိရှိရပါတယ်။