#LocalNews

Published - 8 Dec 2021

 

အိမ်ရှင်အဖြစ် ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို လာမည့် ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသွားမယ်လို့ မနေ့က မြန်မာနိုင်ငံပါဝင်တတ်ရောက်ခဲ့တဲ့ South East Asian Games Federation (SEAGF) Council အစည်းအဝေးက ကြေညာခဲ့ပါတယ်။

 

ပြိုင်ပွဲကို ပုံမှန်အားဖြင့် ယခုနှစ် ၂၀၂၁ ခုနှစ်ကုန်ပိုင်းမှာ ကျင်းပရမှာ ဖြစ်ပေမယ့် ကိုဗစ်ရောဂါကြောင့် ၂၀၂၂ ခုနှစ်ကို ပြောင်းရွေ့ကျင်းပရတာလည်း ဖြစ်ပါတယ်။

 

ယခုကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်ပြိုင်ပွဲမှာ အားကစားနည်း ၄၀ကို ပြိုင်ပွဲအမျိုးအစား ၅၂၆ မျိုးတို့ကို ဗီယက်နမ် နိုင်ငံမြိုကြီး ၁၂ မြို့မှာ လက်ခံကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

“ (၃၁) ကြိမ်မြောက် ဆီးဂိမ်းနဲ့ (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ကိုလည်း အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။ ဒေသတွင်း အရှေ့တောင်အာရှနိုင်ငံတွေ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီး ဦးမင်းသိန်းဇံက ပြောပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း ၁၈ နည်းကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းနဲ့ ရန်ကုန်မြို့တို့မှာ စခန်းသွင်းလေ့ကျင်းနေတာ ၁၀ လတာ ကြာမြင့်နေပြီလို့ သိရပါတယ်။

 

အားကစားနည်း ၁၈ နည်းမှာ ဗိုဗီနမ်၊ ကာယဗလ၊ ဝူရူး၊ ဘိလိယက်/ စနူကာ၊ မြှားပစ်၊ ဂျူဒို၊ အလေးမ၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ ဖူဆယ်၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ သေနက်ပစ်၊ စစ်တုရင်၊ ပီတန်း၊ လက်ဝှေ့၊ ဘော်လီဘော၊ ဂေါက်သီး အားကစားနည်းတို့ကို ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပသွားမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ မြို့ကြီး ၅ မြို့မှာ ကျင်းပနိုင်ရေး စီစဉ်ထားတယ်လို့ သိရပါတယ်။

 

ထိုအစည်းအဝေးရဲ့ ဆုံဖြတ်ချက်အရလည်း (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို လက်ခံကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌကို South East Asian Games Federation (SEAGF) ပူးတွဲဥက္ကဋ္ဌ ခန့်အပ်ကြောင်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

#Yangon_Media_Group