#LocalNews

Published - 7 Dec 2021

 

မျိုးဗီဇပြောင်းပိုးအတွက် စစ်ဆေးမှုများကို မြန်မာနိုင်ငံတွင် လုပ်ဆောင်နေပြီး မကြာမီမှာ သိရှိရမည်ဖြစ်ကြောင်း ကျန်းမာရေးပညာရှင် ဒေါက်တာခင်ခင်ကြီးက ပြောကြားလိုက်ပါတယ်။

 

ဒါ့အပြင် ယခုထိ omicron ကြောင့် သေဆုံးတယ်ဆိုတာ မတွေ့မိသေးကြောင်း၊ ထပ်မံသိရလျှင် တင်ပြသွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့တစ်နာရီက Wall Street Journal အရ Omicron သည် ရောဂါပြင်းထန်မှုအနေဖြင့် မတွေ့ရသေးသည်ကို အာဖရိကတွင်လုပ်သော သုတေသနအငယ်မှ တွေ့ ရှိရသည်ဟုသိရကြောင်း၊ ထို့အတွက်ကြောင့် ပြည်သူများအနေနဲ့ စိုးရိမ်စိတ်မကြီးဖို့နှင့် လုပ်သင့်လုပ်ထိုက်သည်ကိုလုပ်ဆောင်ကြဖို့ ကိုဗစ်စည်းကမ်းတွေကို မပျက်မကွက်လိုက်နာကြဖို့ ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတဆင့် အခုလို အသိပေးရေးထားပါတယ်။

 

"Omicron ဟာ ရောဂါဖြစ်ပြီးသားသူတွေမှာ ပိုဖြစ်တယ်ဆိုတာ သတင်းမှားပါ မဟုတ်ပါဘူး။ ရောဂါဖြစ်ဖူးပြီးသားသူမှာ ကာကွယ်ဆေးထိုးထားသကဲ့သို့ သဘာဝကိုယ်ခံအားက ရရှိထားပြီးသားဖြစ်ပါတယ်။ နဂိုကတည်းက ကိုဗစ်ဟာ ဖြစ်ပြီးသူတွေမှာပြန်ဖြစ်တာ ၁% ခန့်ရှိပါတယ်။ သို့ရာတွင် သာမန်လောက်သာ ခံစားရတာများပါတယ် နောက်ခံရောဂါရှိသူ အသက်ကြီးသူများမှာတော့ ပိုခံစားရနိုင်ပါတယ်။ Public Health England မှာလုပ်တဲ့ သုတေသနအရတော့ ၁.၂% သော ရောဂါဖြစ်ပြီးသူတွေဟာ ပြန်ဖြစ်လေ့ရှိပါတယ်။
ဒါ့ကြောင့် ကိုဗစ်စည်းကမ်းတွေ ဆက်လိုက်နာဖို့လိုအပ်တယ်လို့ ပြောတာပါ။" လို့ ဒေါက်တာခင်ခင်ကြီးက ပြောပြခဲ့ပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်ကုန် ရည်မှန်းဦးရေရဲ့ ၅၀% ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်ထားကြောင်း သို့သော် တချို့သော သူတွေဟာ ကာကွယ်ဆေးအလွယ်တကူရရှိနေမှုပေါ် အခွင့်အရေးယူပြီး တတိယအကြိမ်ကို ထိုးနှံနေကြတာတွေ့ရကြောင်း၊ ဒါဟာမလုပ်သင့်မလုပ်ထိုက်သော အပြုအမူဖြစ်ပြီး မိမိဟာ အန္တရာယ်ရှိအုပ်စုထဲပါနေရင်တောင်မှ ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားတာဟာ အတိုင်းအတာတခုအထိ လုံလောက်ကြောင်းနှင့် လုံးဝမထိုးနှံရသေးသည့်သူများကို ဦးစားပေးသင့်ကြောင်းကိုလည်း ဒေါက်တာခင်ခင်ကြီးက အသိပေးပြောကြားထားပါတယ်။

 

ယမန်နေ့ကလည်း လူမှုကွန်ယက်စာမျက်နှာမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အိုမီခရွန်ပိုးတွေ့တယ်ဆိုပြီး သတင်းအမှားများလည်း ပျံ့နှံခဲ့တာပါ။

#Yangon_Media_Group