#LocalHealth

Published - 6 Dec 2021

ရှမ်းပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများကိုအခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများအားပြုလုပ် ပေးလျက်ရှိတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေသူများထံမှ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၆ ရက် မှာ နမ့်ခုံးရှမ်းများပရဟိတအသင်း၏ ကျန်းမာရေးအပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် ရန်ကုန်မြို့ မှ နှလုံးလှဆရာဝန်များ ပရဟိတ (မိသားစု)တို့မှ ကျောက်မဲမြို့ပေါ်ရှိစစ်ရှောင်စခန်းများ၌အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"ဒီနေ့က အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု တွေကို ပြုလုပ်ပေးတာပါ။ စစ်ဘေးရှောင်ပြည်သူတွေကိုလည်း ပထမအကြိမ် ကိုဗစ်ကာကွယ် ဆေးထိုးပြီးပါပြီ။ မထိုးနှံ ရသေးတဲ့သူ တွေကိုလည်း ထိုးနှံဖို့ အသိပေးနှိုးဆော်နေပါတယ်။တော်တော်များများကတော့ ထိုးပြီးသွားကြပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှု တွေကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေပါတယ်။" လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပြခဲ့ပါတယ်။

ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ထဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ RCSS နှင့် SSPP, TNLA တို့အကြား ယခုနှစ် ဇွန်လဆန်းကစပြီး စစ် ရေးတင်းမာမှု တွေဖြစ်ပေါ် ပြီး ယနေ့အထိ   ပြည်နယ်အတွင်းက နေရာဒေသအချို့ မှာ တိုက်ပွဲ တွေဖြစ်ပွားနေခဲ့တာဖြစ်လို့  ကျောက်မဲမြို့ ပေါ်သို့  ဒေသခံပြည်သူအချို့က စစ် ဘေး ရှောင်နေကြရတာပါ။

ဒါကြောင့်လည်း  ကျောက်မဲမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၄ ခု ဖွင့်လှစ် ပေးထားရပြီး လူဦး ရေ ၁၀၀၀  ကျော်ခန့်ကို ကူညီစောင့်ရှောက် ပေးထားရတာဖြစ်ပါတယ်။
လက်ရှိပြည်နယ်တွင်း တိုက်ပွဲအခြေအနေများကြောင့်  နေရပ်ပြန်နိုင်သူကတော့ မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲ တွေ ကာလကြာရှည်စွာဖြစ်ပွား နေမည်ဆိုပါက ပြည်နယ်အတွင်းက စစ် ဘေး ရှောင်ပြည်သူများ အတွက် စားနပ်ရိက္ခာများလိုအပ်မှု တွေရှိ လာနိုင်မယ်လို့လည်းစစ်ဘေးရှောင် အရေးကူညီ ဆောင်ရွက် နေသူများက ဆိုပါတယ်။

#YangonMediaGroup