Published: 5 December 2021

လုပ်အားအဓမ္မခိုင်းစေဖို့အတွက် ၁၃နှစ်ကျော်ကြာ အိမ်တစ်အိမ်ထဲမှာ လှောင်ပိတ်ထားခံရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းနိုင်ငံမှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ၅ရက် တနင်္ဂနွေနေ့(ယနေ့)မှာ အထူးစုံစမ်းစစ်ဆေး ရေးဌာနညွှန်ကြားရေးမှူးချုပ် ထရိုင်ရစ်တီမာဟီဝေါင်းက ပြောတယ်လို့ သိရပါတယ်။

အလုပ်သမားကာကွယ်ရေးကွန်ယက်(အယ်လ်ပီအင်န်)က အထူးစုံစမ်းစစ်ဆေးရေးဌာနကို အကြောင်းကြားတဲ့အတွက် အသက်၂၆နှစ် အရွယ် အဲဒီအမျိုးသမီးငယ်ကို သူမကိုထိန်းသိမ်းထားပြီး အတင်းအကြပ်လုပ်အားခိုင်းစေခဲ့တဲ့ ဘန်ကောက်မြို့ ဆွမ်လွမ်ခရိုင်၊ ၁၁လမ်းရှိ ပက်ကမ်မတ်စ်အိမ်ရာကနေ လွတ်မြောက်အောင်ကယ်တင်နိုင်ခဲ့တယ်လို့ ဒေါက်တာထရိုင်ရစ်က ပြောပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဌာနရဲ့ လူကုန်ကူးမှုဆိုင်ရာရုံးက အရာရှိတစ်ဖွဲ့ဟာ အဲဒီအိမ်ကို သွားရောက်ပြီး အမျိုးသမီးကို စောင့်ကြပ်ကယ်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသမီးငယ်ဟာ ပင်ပန်းနွမ်းနယ်နေပြီး ကြေက်ရွံ့နေတာတွေ့ရတယ်လို့ ဒေါက်တာထရိုင်ရစ်ကပြောပါတယ်။ သူမက တွေ့တွေ့ချင်းပဲ ဒီအိမ်ကနေ ခေါ်ထုတ်ပေးသွားပါလို့ အာဏာပိုင်တွေကို အကူအညီတောင်းခဲ့ပါတယ်။

သူမရဲ့ ကနဦးထုတ်ဖော်ပြောကြားချက်အရ သူမဟာ အဲဒီအိမ်မှာ လစာမရဘဲ ၁၃နှစ်ကျော် အတင်းအကြပ်လုပ်အားခိုင်းစေ ခံခဲ့ရပါတယ်လို့သိရပါတယ်။ သူမ ဘယ်အချိန်တုန်းကစပြီးရောက်လာတာလဲဆိုတာကိုတော့ သူမ မမှတ်မိတော့ပါဘူး။ သူမဟာ အဓမ္မလုပ်အားခိုင်းစေခံခဲ့ရသူဆိုတာကို ယုံကြည်နိုင်လောက်တဲ့ လုံလောက်တဲ့ အကြောင်းပြချက်တွေရှိပါတယ်လို့ လည်း ဒေါက်တာထရိုင်ရစ်ကပြောပါတယ်။

သူမကို ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေထဲကနေ ကူညီစောင့်ရှောက်မှာဖြစ်ပါတယ်။လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေအရ အရာရှိတွေက တွေ့ဆုံမေးမြန်းနိုင်ဖို့ အဲဒီမိန်းကလေးငယ် အဆင့်သင့်ဖြစ်မဖြစ်သိရအောင် သင့်လျောတဲ့ ကိုယ်ကာယ စစ်ဆေးမှုတွေပြုလုပ်ပေးခဲ့ပါတယ်။

မလျော်မကန်ပြုလုပ်ထားတဲ့အတွက် တရားဥပဒေအရ အရေးယူနိုင်ရေး ကြိုတင်ပြင်ဆင်နိုင်ဖို့ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေလုပ်သွားမယ်လို့ အဲဒီအရာရှိကပြောပါတယ်။

Source: Bangkok Post