၇ မေ ၂၀၂၄

အိန္ဒိယနိုင်ငံ မီဇိုရမ်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ နှင့် ပညာရှင်များသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် မြွေမျိုးစိတ်အသစ်များကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ အိန္ဒိယပြည်တွင်းသတင်းများတွင်ဖော်ပြပါတယ်။

အဆိုပါအဖွဲ့မှာ အဆိုပါမီဇိုရမ်တက္ကသိုလ် သတ္တဗေဒဌာနပါမောက္ခ အိတ်ချ်တီ လာရမ်ဆန်ဂါဦးဆောင်ပြီး သုတေသနပညာရှင် လာဘီရက်ဇူအာလာ၊ဗီယက်နမ် တွားသွားသတ္တဝါပညာရှင် တန်ဗန်ငုယင်နှင့် ဂျာမနီတွားသွားသတ္တဝါပညာရှင် ဂါနောတ့် ဗိုဂဲလ် တို့ ပါဝင်ကြပါတယ်။

သူတို့ဟာ မီဇိုရမ်၊ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှ ရုပ်သွင်ပညာရပ်ဆိုင်ရာနှင့် မော်လီကျူးဆိုင်ရာ အချက်အလက်တွေကို အခြေခံပြီးနောက် ရှုပ်ထွေးလှတဲ့ တွားသွားသတ္တဝါမျိုးစိတ်တွေကို မျိုးခွဲလေ့လာခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအခါ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ ရခိုင်ရိုးမဆင်ရိုင်းဘေးမဲ့တောအတွင်းမှာ မြွေမျိုးစိတ်အသစ်တွေရှာတွေ့ခဲ့တာလို့ သတင်းမှာဖော်ပြထားပါတယ်။

အသစ်ရှာတွေတဲ့ မြွေအမျိုးအစားကို ဒါဗီဒီ မြွေမျိုးကွဲ လို့အမည်ပေးထားပါတယ်။ ပြင်သစ်တွားသွားသတ္တဝါပညာရှင် ပက်ထရစ် ဒေးဗစ်ရဲ့အမည်ကို ဂုဏ်ပြုအမည်ပေးထားတာပါ။ အဆိုပါမြွေမျိုးစိတ်အသစ်တွေ့ရှိကြောင်းကို ၂၀၂၄ခု မေလ ၄ရက်ထုတ် သိပ္ပံသုတေသနဂျာနယ်တစ်စောင်ဖြစ်တဲ့ European Journal of Taxonomy  အတွဲ ၉၃၂ မှာ ပုံနှိပ်ဖော်ပြထားပါတယ်။

“ ရှာတွေ့တဲ့ မြွေမျိုးစိတ်အသစ်ဟာ အင်မတန်ရှားပါးတဲ့မြွေမျိုးပါ။ နောက်ကြောင်းခံလိုက်ကြည့်သမျှ ပြောပြရရင် အဆိပ် မပြင်းတဲ့မြွေအမျိုးအစားထဲပါပြီး အရှည်က တစ်ပေ ၉လက်မကနေ ၁၁လက်မအကြားရှိတာတွေ့ရတယ်” လို့ ပါမောက္ခ အိတ်ချ်တီ လာရမ်ဆန်ဂါ ကပြောပါတယ်။

သူတို့ဟာ ဖားကို စားကြတယ်။ စိုးထိုင်းဆမြင့်မားပြီး မြေနိမ့်ပိုင်းရွှံ့နွံတွေထဲမှာ နေထိုင်ကျက်စားလေ့ရှိတယ်” လို့ သူကဆက်ပြောပါတယ်။

@ymg/knl