၆ မေ ၂၀၂၄

မြန်မာနိုင်ငံရှိ Arakan Army (AA) လက်နက်ကိုင်အဖွဲ့၏ အတင်းအဓမ္မ စစ်မှုထမ်းဆင့်ခေါ်မှုကြောင့် အမျိုးသမီးများအပါ အဝင် မြန်မာဒုက္ခသည် ၄၇ ဦးဟာ  ပလက်ဝမြို့နယ်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ရှိ Lawngtlai ဒေသသို့ ထွက်ပြေးဝင်ရောက်လာ ကြတယ် လို့ အိန္ဒိယ ထောက်လှမ်းရေးအရင်းအမြစ်က တနင်္ဂနွေနေ့ မေလ ၅ ရက်နေ့ကပြောကြားတဲ့အကြောင်း  အိန္ဒိယ  တိုင်းမ် သတင်းစာကရေးသားပါတယ်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးဖြစ်တဲ့ AA စစ်သွေးကြွအုပ်စုက အတင်းအဓမ္မ လူသစ်စုဆောင်းမှု တွေလုပ်နေတာကြောင့် အသက် ၃၀ ဝန်းကျင်ရှိ လူငယ်တွေဟာ  ပလက်ဝကနေ ထွက်ပြေးလာကြတယ်လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။  ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်မှာရှိပေမယ့် ရခိုင်ပြည်နယ်မှာ အခြေပြုတဲ့ AA စစ်သွေးကြွတွေဟာ  အဲဒီနေရာမှာလည်း စစ်ရေးလုပ်ဆောင်မှုတွေရှိနေတယ်လို့ သတင်းကဆိုပါတယ်။

ဆိုရှယ်မီဒီယာက သတင်းဆိုက်တစ်ခုဖြစ်တဲ့ တာဟန်ပို့စ်ရဲ့အဆိုအရ  AA ကေဒါတွေက ပလက်ဝမှာ  လူငယ်တွေကို စစ်မှုထမ်း ဆင့်ခေါ်ဖို့ ဧပြီ ၁၉ ရက်က ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။  သူတို့ရဲ့ အတင်းအဓမ္မ ဆင့်ခေါ်တာကို ငြင်းဆန်ကြတဲ့ လူငယ်တွေဟာ အဲဒီဒေသကနေ မီဇိုရမ်ထဲ ထွက်ပြေးလာကြတာဖြစ်ပါတယ်။

မီဇိုရမ် Lawngtlai ခရိုင်ရဲ့ အရင်းအမြစ်တွေကိုကိုးကးပြီးသတင်းကဖော်ပြရာမှာ အမျိုးသမီးတွေအပါအဝင် လူငယ် ၄၀ ဦးခန့်ဟာ  ဧပြီ ၃၀ရက်မွန်းလွဲပိုင်းက Hruitezawl ရွာကိုရောက်ရှိလာကြပြီး မေ၁ရက်နေ့မှာတော့ နောက်ထပ် အမျိုးသမီးငယ် ၇ ဦးထပ်ရောက်လာတယ်လို့သိရပါတယ်။ဒေသဆိုင်ရာအာဏာပိုင်တွေကတော့ သူတို့ကိုလက်ခံထားသလား၊ ငြင်းပယ်ထားသလားဆိုတာကို အတည်ပြုပေးခြင်းတော့မရှိသေးပါဘူး။

ဧပြီ ၂၉ ရက်အထိ မီဇိုရမ်ပြည်နယ်ရှိ ခရိုင် ၁၁ခု မှာ မြန်မာဒုက္ခသည် ၃၄၂၈၂ ဦးကို လက်ခံထားတယ်လို့ ပြည်နယ် ပြည်ထဲရေးဌာနက ပြောပါတယ်။

သူတို့ရဲ့မှတ်တမ်းများအရ အဲဒီထဲက ဒုက္ခသည် ၁၈၃၄၄ ဦးဟာ ဒုက္ခသည်စခန်းအပြင်မှာ  ဆွေမျိုးတွေ ဒါမှမဟုတ် မိတ်ဆွေတွေနှင့်အတူ အိမ်ငှားနေထိုင်ကြတယ်လို့လည်းသိရပါတယ်။

@ymg/knl