#LocalNews

Published - 3 Dec 2021

 

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပေါ်လစီအရလည်းကောင်း၊ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့်လည်းကောင်း သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဌာနချုပ် လွယ်တိုင်းလျဲန်း၊ အမှတ် (၁) စစ်ဒေသနှင့် တပ်မဟာ (၇၀၇) နယ်မြေများတွင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ RCSS ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွှဲပိုင်းက RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို သံဃာတော်များ၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ခေးငင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ယာဘစိတ်ကြွရူးသွပ်ဆေးပြား ၄၀၀,၀၀၀ ပြားကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အမှတ် (၁) စစ်ဒေသတွင်လည်း RCSS/SSA တပ်မဟာ (၈) တပ်ရင်း (၁၀၈) မှ ဒုတပ်ရင်းမှူး ဦးဆောင်၍ ဖမ်းဆီးရမိတဲ့ ယာဘစိတ်ကြွရူးသွပ်ဆေးပြား ၃၆,၂၇၉ ပြားကို အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးခဲ့သလို တပ်မဟာ (၇၀၇) နယ်မြေတစ်နေရာ၌ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀,၆၉၅ ပြား၊ ဘိန်းညိုမှုန့် ၃၀၄ ကီလိုဂရမ်၊ အက်ဆစ် ၄၃,၅၆၀ လီတာ၊ ဆိုဒါမှုန့် ၃၆,၀၀၀ ကီလိုဂရမ်တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

 

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် အစိုးရအကြား ပြည်နယ်အဆင့် နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ယခုလို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

Photo -RCSS/SSA

#Yangon_Media_Group