Published_ 05 April 2024

ဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံသို့စစ်ကူလာစဉ် ကျဆုံးခဲ့သည့် တရုတ်အဝေးရောက်မဟာမိတ်တပ်မှ အာဇာနည်များအတွက် ကန်တော့ပွဲအခမ်းအနားများကျင်းပပေးခဲ့ပြီးဦးညွှတ်ကန်တော့ခဲ့ကြောင်း  မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်။

ဧပြီလ ၄ ရက်နေ့၌ ကျရောက်သည့် တရုတ်သင်္ချိုင်းကန်တော့ပွဲအခါသမယတွင် ကန်တော့ပွဲအခမ်းအနားများကျင်းပပေးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါနေ့တွင် ပဲခူးတိုင်း တောင်ငူမြို့သို့ ခရီးနှင်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည်သံရုံးမှအရာရှိများကို ဦးဆောင်ကာ  မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရှိ တရုတ်အဝေးရောက်မဟာမိတ်တပ်၏ မျိုးဆက်များ၊ တရုတ်နွယ်ဖွားကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံအခြေစိုက်တရုတ်မီဒီယာများနှင့်အတူ မြန်မာနိုင်ငံသို့စစ်ကူလာစဉ် ကျဆုံးခဲ့သည့် တရုတ်အဝေးရောက်မဟာမိတ်တပ်မှ အာဇာနည်များကို ဦးညွတ်ကန်တော့ခဲ့ကြခြင်းဖြစ်သည်။

သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာတွင်" လွန်ခဲ့သည့် ၈၂ နှစ်တုန်းက တရုတ်အဝေးရောက်မဟာမိတ်တပ်ပေါင်းသိန်းချီက မြန်မာနိုင်ငံသို့လာရောက် တိုက်ပွဲဝင်ခဲ့ရာ  သွေးသားနဲ့ အသက်များဖြင့် တရုတ်နိုင်ငံ၏ ဂျပန်ကျူးကျော်မှုခုခံရေး စစ်ပွဲသမိုင်းတွင် မော်ကွန်းတင်ထိုက်သောစာမျက်နှာကို ရေးသားခဲ့ပြီး အာရှတိုက် ပစိဖိတ်သမုဒ္ဒရာစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအောင်နိုင်ရေးအတွက် အရေးပါအကျိုးထမ်းဆောင်ခဲ့ကြောင်း၊ တရုတ်အဝေးရောက်မဟာမိတ်တပ်များ၏ တိုင်းပြည်ချစ်စိတ်သည် အမြဲထွန်းလင်းတောက်ပနေမည်ဖြစ်ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်သည်လည်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် အာဇာနည်များ၏အမွေကိုဆက်ခံကာ တိုင်းပြည်ချစ်စိတ်ဓာတ် ပြန့်ပွားအောင်လုပ်ဆောင်ပြီး တရုတ်-မြန်မာအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ တရုတ်အမျိုးသားကြီးမြတ်သောပြန်လည်နိုးထရေး ‌ဖော်ဆောင်ရန်အတွက် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

တောင်ငူမြို့သည် ဒုတိယကမ္ဘာစစ်ကာလအတွင်း တရုတ်အဝေးရောက်မဟာမိတ်တပ်က ဖက်စစ်ဂျပန်ကို တိုက်ပွဲဝင်ခုခံတိုက်ခိုက်သည့် သမိုင်းဝင်တည်နေရာဖြစ်သည်ဟုဆိုသည်။

သံအမတ်ကြီး Mr. Chen Hai နှင့် နယ်ပယ်အသီးသီးမှကိုယ်စားလှယ်များက တရုတ်အဝေးရောက်မဟာမိတ်တပ် အမှတ်တရကျောက်တိုင်တွင် ပန်းခြင်း၊ ပန်းခွေများချပြီးနောက် အားလုံးအတူတကွ ငြိမ်သက်၍ ဦးညွတ်ကန်တော့ခဲ့ကြသည်။  

အာဇာနည်များအား ဦးညွတ်ကန်တော့သည့်အခမ်းအနားပြီးနောက် တက်ရောက်လာကြသူများက တရုတ်အဝေးရောက်မဟာမိတ်တပ်အထိမ်း အမှတ်ကျောက်တိုင်ကိုဂါရဝပြုပြီး တရုတ်အဝေးရောက်မဟာမိတ်တပ်များ ဂျပန်ကျူးကျော်မှုခုခံရေးပြတိုက်ကို လေ့လာကြည့်ရှုကာ တရုတ်အဝေးရောက်မဟာမိတ်တပ် အာဇာနည်များ၏ တရားမျှတမှုအတွက် အသက်ပေးဆပ်ကာ ဖက်ဆစ်ဂျပန်ကိုခုခံသော ထွန်းပြောင်သည့်သမိုင်းကို ပြန်ပြောင်းအောက်မေ့ခဲ့သည်ဟု‌ ဖော်ပြထားသည်။

ထိုနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံး၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းအဖွဲ့အစည်းများနှင့် ဒေသခံတရုတ်နွယ်ဖွား အသင်းအဖွဲ့များက တရုတ်အဝေးရောက် မဟာမိတ်တပ်များ တိုက်ပွဲဝင်ခဲ့သော ရေနံချောင်းနှင့် မြစ်ကြီးနားမြို့နယ်တို့ရှိ တရုတ်အဝေးရောက်မဟာမိတ်တပ်၏ အောက်မေ့ဖွယ်အထိမ်းအမှတ် အဆောက်အအုံတွင် ပန်းခြင်း၊ ပန်းခွေများချပြီး ကန်တော့ခဲ့ကြကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group