Published_ 04 April 2024

မြန်မာ့ ဖူဆယ်လောကပိုမိုအဆင့်အတန်း မြင့်မားစေရေးအတွက်ဖူဆယ်လေ့ကျင့်ရေးကွင်းသစ်တည်ဆောက်ရန်စီစဉ်‌နေသလို ဖူဆယ်လိဂ်ကော်မတီဖွဲ့စည်းရန်လည်းရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။

လက်ရှိ မြန်မာ့ဖူဆယ် လောကအတွက် Indoor Futsal Stadium တစ်ခုအား တည်ဆောက်ပြီးစီးခဲ့ပြီး ဖူဆယ်လိဂ်(၁)၊ လိဂ်(၂)၊ အပျော်တမ်း စသည့်ပြိုင်ပွဲများ ကျင်းပလျက်‌ကြောင်းနှင့်ဖူဆယ်လက်ရွေးစင်အသင်းများနှင့် ကလပ်အသင်းများအတွက် ဖူဆယ်လေ့ကျင့်ရေး အဆောက်အဦ တစ်ခုကိုလည်း မကြာမီ တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

ယင်းကဲ့သို့ ဆောင်ရွက်မည့် အကြောင်းကိုမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ အဖွဲ့ချုပ် အမှုဆောင်များနှင့် ဖူဆယ်လိဂ် ကလပ်အသင်းများသည် ဧပြီလ ၃ ရက်၊ နံနက်ပိုင်းက နိုဗိုတယ် ရန်ကုန်မက်စ်တွင် တွေ့ဆုံ၍ မြန်မာ့ ဖူဆယ်လောက ပိုမိုအဆင့်အတန်း မြင့်မားစေရေး အတွက် တွေ့ဆုံဆွေးနွေးမှု၌ ထည့်သွင်းဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ဖူဆယ် ကလပ်အသင်းများမှ ကိုယ်စားလှယ်များပါဝင်သည့် ဖူဆယ်လိဂ်ကော်မတီကို စနစ်တကျ ဖွဲ့စည်း၍ ဖူဆယ်ပြိုင်ပွဲများ စနစ်တကျ ပိုမိုကျင်းပသွားရန်နှင့် မြန်မာ့ဖူဆယ်လောက ပိုမိုအဆင့်အတန်း မြင့်မားစေရေး ကြိုးပမ်း ဆောင်ရွက်ရန်၊ ဖူဆယ်ကလပ်အသင်းများ ပါဝင်သည့် Standing Committee များ ဖွဲ့စည်း၍ ဘဏ္ဏာရေး၊ ပြိုင်ပွဲကျင်းပရေး၊ မီဒီယာနှင့် စျေးကွက်ရှာဖွေရေး စသည်တို့အား စနစ်တကျ လုပ်ဆောင်၍ ရုပ်သံထုတ်လွှင်မှုနှင့် ပရိသတ်စိတ်ဝင်စားမှု မြင့်မားစေရန်၊ ဖူဆယ် ကလပ်အသင်းများ ပိုမိုအင်အားကောင်း စေရန်နှင့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း အောင်မြင်မှုရရှိစေရန်၊ ဖူဆယ် မျိုးဆက်သစ်ကစားသမားများ ပေါ်ထွက်လာစေရန် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်း အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီလ ၁၇ မှ ၂၈ အထိ ကျင်းပမည့် အာရှဖလား ဖူဆယ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group