#LocalNews

Published - 2 Dec 2021

အိုမီခရွန် (Omicron) မျိုးဗီဇပြောင်းရောဂါပိုးကြောင့် အာဖရိကတိုက်တောင်ပိုင်းဒေသနိုင်ငံများ ရောဂါဝင်ရောက်ကူးစက်ရာ အခြားနိုင်ငံနှင့် ဒေသများမှ မြန်မာနိုင်ငံသို့ လာရောက်မည့်သူများအား ခရီးသွားလာခွင့်ပိတ်ပင်ရန် စီစဉ်လျက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရပါတယ်။

 

ကမ္ဘာတစ်ဝန်းတွင် မျိုးဗီဇပြောင်းရောဂါပိုးများ လျင်မြန်စွာကူးစက်ပြန့်ပွားနေသည့်အတွက် အဆိုပါ မျိုးဗီဇပြောင်း ရောဂါပိုးများ နိုင်ငံအတွင်းသို့ မဝင်ရောက်လာစေရေးနှင့် နိုင်ငံတွင် ရောဂါဖြစ်ပွားမှုလှိုင်း နောက်ထပ်တစ်ခုအဖြစ် ကြီးမားစွာမဖြစ်ပေါ်လာစေရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုပြုလုပ်ထားကြဖို့နိုဝင်ဘာလ (၃၀)ရက်နေ့က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့တာပါ။

 

ဒါ့အပြင် အဆိုပါနိုင်ငံများမှ လာရောက်သူများကို အသွားအလာကန့်သတ်ချိန် တိုးမြှင့်ထားရှိခြင်းနှင့် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ RT-PCR ဖြင့် အကြိမ်တိုးမြှင့်စစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အလားတူ နယ်စပ်ဒေသများတွင် စနစ်တကျ ကွာရန်တင်းဝင်ရောက်ခြင်းနှင့် RT-PCR ဖြင့် ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိုလည်း စနစ်တကျ ဆောင်ရွက်သွား၍ RT-PCR အဖြေ Negative ဖြစ်မှသာ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာဒေသများသို့ စနစ်တကျ ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

 

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပထမလှိုင်း စတင်ဖြစ်ပွားမှုမှာ လေကြောင်းမှတဆင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယလှိုင်းနှင့် တတိယလှိုင်းဖြစ်ပွားမှု စတင်ခဲ့ရာတွင်လည်း နယ်စပ်ဝင်/ထွက်ပေါက်များမှတဆင့် စတင်ဖြစ်ပွားခဲ့သည်ကို တွေ့ ရှိရသဖြင့် လေကြောင်းမှတဆင့် ဝင်ရောက်လာသူများနှင့် နယ်စပ်ဝင်/ထွက်ပေါက်များမှ ဝင်ရောက်လာသူများထံမှ ရောဂါကူးစက်ပျံ့နှံ့ခြင်း မရှိစေရန် အဆိုပါနေရာများတွင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ရောဂါပိုးမျိုးဗီဇကို စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အထူးအလေးပေးဆောင်ရွက်ကြဖို့နှင့် RT-PCR စက်များကိုလည်း မြဝတီမြို့၊ မူဆယ်မြို့ နှင့်ကျိုင်းတုံ မြို့များတွင် တပ်ဆင်ထားသကဲ့သို့ အခြားနယ်စပ်မြို့များတွင် ဆက်လက်တိုးချဲ့တပ်ဆင်သွားမှာဖြစ် တယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

#Yangon_Media_Group