၂၄ မတ် ၂၀၂၄

၂ဝ၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲတွင် ဆရာတော်ကြီး(၅)ပါးသည် အဘိ ဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်များရရှိခဲ့ကြောင်းသိရှိရပါတယ်။

ထိုဆရာတော်ကြီးများအနက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မော်လမြိုင်မြို့၊ ဗုဒ္ဓသာသနာ့သိပ္ပံကျောင်း  နှင့် စိန်မမပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သုမန ထံဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် များကို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဆက်ကပ်ပူဇော်ခဲ့ပါတယ်။

ကြွရောက်တော်မူလာကြတဲ့ ကျန်ရှိသည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများဖြစ်သော မန္တလေးမြို့၊ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်းဆရာတော် ဘဒ္ဒန္တ သုဇနပီယ၊ ဗဟန်းမြို့နယ်၊ မဟာစည် သာသနာ့ရိပ်သာမဟာနာယက ဘဒ္ဒန္တ ဝါသဝနှင့် ပဲခူးမြို့၊ ဇေယျာသီရိအသောကကျောင်း ဆရာတော် ဘဒ္ဒန္တ သိရိန္ဒ ဆရာတော်ကြီးများအား နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်း၊ နစက အတွင်းရေးမှူးဒုတိယဗိုလ်ချူပ်ကြီးအောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်လက်၍ ဆက်ကပ်ပူဇော်ခဲ့ကြပါတယ်။

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့ မတ်လ ၂၄ရက် မွန်းလွဲပိုင်း တွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပရာ နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန် စိမ်းများလောင်းလှူခဲ့ကြတာဖြစ်ပါတယ်။

အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိ ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ တို့အမှူးပြုသည့် ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပါတယ်။

ဆက်လက်၍ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူ များက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယဘွဲ့ရရှိသည့် ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ကို ဆက်ကပ်ပူဇော်ခဲ့ကြပါတယ်။

ယင်းအပြင် အခြားသော ဘွဲ့တံဆိပ်တော်ရရှိသည့် သီလရှင်များကို ဗိုလ်ချုပ်မှူးကြီး၏ဇနီးက  ဘွဲ့တံဆိပ်တော်  နှင့်အဆောင်အယောင်များ ဆက်ကပ်ပူဇော်ခဲ့ကြပြီး ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်အသီးသီးကိုလည်း ဗိုလ်ချူပ်မှူး   ကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူများက ဆက်လက်၍ ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များ ပေးအပ်  ချီးမြှင့်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅ ပါး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၆ ပါး၊ အဂ္ဂ မဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရဆရာတော်ကြီး ၂၁ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၅ ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး ၈ ပါးနှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၂ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ပြီး သာသနာနုဂ္ဂဟဘွဲ့တံ ဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ် ၁၂ ဦးတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့် အပ်နှင်းခဲ့တာဖြစ်ပါတယ်။

@ymg/knl