၂၃ မတ် ၂၀၂၄

ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး၊ပူးပေါင်းဆောင်ရွက်ရေးတို့ကို မြှင်တင်သွားမှာဖြစ်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က အသစ်ခန့်ထားတဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို လက်ခံတွေ့ ဆုံရာမှာပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာနိုင်ငံနှင့်  စီးပွားရေး၊ကုန်သွယ်ရေးနှင့် ပြည်သူချင်း ဆက်ဆံရေးကဲ့သို့သော အလားအလာရှိတဲ့ နယ်ပယ်တွေမှာ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်တဲ့အကြောင်း ကမ္ဘောဒီးယားပြည်တွင်းမီဒီယာများက ရေးသားကြပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်သည် မြန်မာသံအမတ်အသစ် ဦးကျော်စိုးမင်းကို သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် လက်ခံတွေ့ဆုံစဉ်ပြောကြားခဲ့တာပါ။

ဝန်ကြီးချုပ်ဟွန်မန်နက်က အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတွေအကြား ကာလရှည် သံတမန် ဆက်ဆံရေးကို အထူးအလေးပေးပြောဆိုခဲ့ပြီး ဦးကျော်စိုးမင်းကိုလည်း မြန်မာသံအမတ်ကြီးအသစ်အဖြစ် ကြိုဆိုဂုဏ်ပြု ကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းကလည်း ကမ္ဘောဒီးယားတော်ဝင်အစိုးရကို ကိုဗစ်-၁၉ ကာလမှာ ကူညီခဲ့တာတွေ အတွက် ကျေးဇူးတင်ပါကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

သူတာဝန်ထမ်းဆောင်စဉ်အတွင်း မြန်မာနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ပိုမို ခိုင်မြဲအောင်ကြိုးစားသွားမယ်လို့လည်း မြန်မာသံအမတ်ကြီးက ပြောဆိုခဲ့ကြောင်း ကမ္ဘောဒီးယားမီဒီယာများက ရေးသား ဖော်ပြခဲ့ပါတယ်။

@ymg/knl